စစ်ကိုင်းတိုင်း၊ ရေဦးမြို့ပေါ်တွင် စစ်မှုထမ်းရန်ဟုဆိုကာ လူငယ် ၂၀ ခန့်ကို စစ်ကောင်စီ ဖမ်းဆီးခဲ့ကြောင်း၊ ထို့အပြင် နေအိမ်၌ မရှိသည့် လူငယ်များအစား မိသားစုဝင်များကို ဖမ်းဆီးခဲ့ကြောင့် မြို့နေပြည်သူများထံမှ စုံစမ်းသိရှိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၂၉ရက်၊ ည ၉နာရီခန့်က ရေဦးမြို့ပေါ် ရွှေပြည်သာရပ်ကွက် ၊ အောင်မင်္ဂလာရပ်ကွက် ၊ အောင်ချမ်းသာရပ်ကွက် ၊ အောင်ဆန်းရပ်ကွက် ၊ ဗိုလ်အောင်ဇေယျရပ်ကွက်တို့မှ လူငယ်အမျိုးသား ၂၀ခန့်ကို စစ်ကောင်စီတပ်က နေအိမ်အထိ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း အမည်မဖော်လိုသည့် ရေဦးမြို့ပေါ်နေ ပြည်သူတစ်ဦးက MPA ကို ပြောသည်။
” ဒီကောင်တွေ ( စစ်ကောင်စီတပ်သား ) ရပ်ကွက်ထဲကို ပတ်နေတာ ည ၇နာရီလောက်ထဲက ဖမ်းဆီးတာက ည ၉နာရီလောက်မှာ ဖမ်းတာ၊ တကယ်တော့ အရင်ထဲက စစ်မှုထမ်းဖို့ သွေးစစ်တာတွေ ၊ ဘာညာလုပ်ထားပြီးတဲ့သူတွေကို လာခေါ်တာ၊ အဲ့ဒီလူတွေမရှိတော့လို့ဆိုပြီး မပါတဲ့အိမ်တွေက လူတွေကို ဝင်ဆွဲတာ ” ဟု ရေဦးမြို့ခံတစ်ဦးက ပြောသည်။
ထို့အတူ စစ်မှုထမ်းရန် နာမည်စာရင်းပေါက်ထားသောကြောင့် မြို့မှ တိမ်းရှောင်သွားကြသော လူငယ်များ၏ မိသားစုများကိုလည်း ထပ်မံဖမ်းဆီးခဲ့သော်လည်း ဖမ်းဆီးခံရသည့် အရေအတွက်ကို သေချာ သိရှိမှုမရှိကြောင်း ၎င်းက ဆက်လက်ပြောသည်။
” ညဖက်ကြီးလည်း ညဖက်ကြီး၊ တံခါးဖွင့်မပေးရင် စစ်သားတွေက အိမ်တံခါးတွေရိုက်ချိူးဝင်တာဆိုတော့ ကျတော်တို့လည်း ထွက်မကြည့်ရဲဘူး။ အကိုမရှိလို့ ညီဖမ်းသွားတာတွေလည်း ရှိတယ် ” ဟု ရေဦးမြို့ခံ တစ်ဦးကပြောသည်။
လက်ရှိတွင် ဖမ်းဆီးခံရသည့် လူငယ်မျာသည် ရေဦးမြို့ အထက၁တွင် အထိုင်စခန်းချထားသည့် စစ်တပ်စခန်း၌ ဧပြီ ၃၀ရက်၊ နံနက် ၇နာရီခန့်အထိရှိနေသဖြင့် လူငယ်များ၏ မိသားစုများက ထမင်းပို့ရန်သွားသော်လည်း ဧည့်တွေ့ခွင့် မပြေးကြောင်း ဖမ်းဆီးခံရသည့် လူငယ်တစ်ဦးနှင့် နီးစပ်သော ပြည်သူတစ်ဦးက ပြောသည်။
” ကျတော့်ဘေးအိမ်က ကောင်လေးတစ်ယောက်ပါသွားတယ်။ သူဆို အသက်သာငယ်သေးတာ၊ မိန်းမနဲ့ကလေးနှစ်ယောက်နဲ့ဗျ၊ သူ့မိန်းမက အငယ်ဆုံးလေးကို မွေးထားတာ ရက်ပိုင်းပဲရှိသေးတယ်။ သွေးနုသားနုနဲ့ကို ဒီအိမ်ထောင်ဦးစီးကို ဖမ်းခေါ်သွားတော့ ဘယ်လိုနေထိုင်စားသောက်ကြမလဲ၊ ကောင်လေးက အဝေးပြေးကားမောင်းတာ၊ သူ့မိန်းမကလေးမွေးလို့ အိမ်မှာနေပေးနေတာကို အခုလိုဖမ်းခံရတာ “ ဟု ၎င်းကပြောပြသည်။
ရေဦးမြို့တွင် စစ်သင်တန်းအပတ်စဉ် ၁ ပေးရန် လူငယ်များကို ဖမ်းဆီးနေခြင်းဖြစ်ကာ၊ စစ်မှုမထမ်းလိုပါက ငွေပေး၍ရကြောင်း ရေဦးမြို့နယ် အခြေပြု People’s Defence Comrade အဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုထူးခန့်ဇော် (အမေ့သား) က ပြောသည်။
“ တစ်ချက်ခုတ် နှစ်ချက်ပြတ်ပေါ့ဗျာ၊ တောင်းတဲ့ငွေအတိုင်းပြန်မရွေးထုတ်နိုင်ရင် စစ်မှုထမ်းခိုင်းမယ်။ ငွေနဲ့ပြန်ရွေးရမယ်ဆိုရင်လည်း သိန်းဆယ်ချီပေးနိုင်မှ လွှတ်မယ့်အနေအထားပါဘဲ၊ စစ်မှုထမ်းဖို့ဖမ်းတယ်ဆိုရင် ရေဦးမြို့ပေါ်မှာ မထားဘဲ ရွှေဘို ဒါမှမဟုတ် မုံရွာနမခကို ပို့ရတယ်” ဟု ကိုထူးခန့်ဇော်ကပြောသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေကို ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှ စတင်ကာ စစ်ကောင်စီက အသက်သွင်းခဲ့ပြီးနောက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြီးခဲ့သည့် မတ် ၁၃ရက်မှ စတင်ကာ ကျေးရွာအုပ်စုများ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်များထံ ညွှန်ကြားပြီး စစ်မှုထမ်းမည့် စာရင်းများ ကောက်ယူခြင်း၊ မဲနှိုက်ခြင်းများကို လုပ်ဆောင်နေသည့်အပြင် ညပိုင်း၌ ဝင်ရောက်ဖမ်းဆီးမှုများ ပြုလုပ်လျက်ရှိသည်။