စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ တန့်ဆည်မြို့ရှိ စစ်ကောင်စီစခန်းနှစ်ခု အသိမ်းခံရပြီးနောက်၊ စစ်တပ်က Mi35 ရဟတ်ယာဉ်ဖြင့် ပစ်ခတ်မှုကြောင့် အရပ်သား ပြည်သူ ၄ဦးဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ယမန်နေ့(စက်တင်ဘာ ၂၂ရက်)တွင် စစ်ကောင်စီ အထိုင်ချစခန်း ၂ ခုကို တော်လှန်ရေးပူးပေါင်းတပ်များက သိမ်းပိုက်ပြီးနောက် ၊နေ့လယ် ၁နာရီခန့်၌ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့မှုကြောင့် သဲကုန်းကျေးရွာရှိ အသက် ၃၁ နှစ်အရွယ်နှင့် ၂၆ နှစ်အရွယ် အမျိုးသမီး ၂ ဦး ၊ ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် ၂ နှစ်ခွဲအရွယ် မောင်နေသူရိန်ဦးတို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး၊ အသက် ၂နှစ်ခွဲအရွယ် ကလေးငယ်သည် စိုးရိမ်ရသည့် အခြေအနေဖြစ်နေကြောင်း စုံစမ်းသိရှိရသည်။
” အက်တော ၊သဲကုန်းရွာပေါ်ကို ဝဲပြီး ပစ်တာ။ ရဟာတ်ယာဥ်နဲ့ ပစ်တာ။ ဗုံးကွဲသံတွေ ၊ ပစ်ခတ်သံတွေတော့ ကြားရတယ် ။လူကို တုန်သွားတာပဲ။ လွတ်ရာကိုပြေးနေရတယ်။ ” ဟု သဲကုန်းဒေသခံတစ်ဦးက ပြောသည်။
စစ်ကောင်စီသည် ကာဘိုး – တန့်ဆည် – ကံထူးမလမ်းမကြီးပေါ်တွင် အထိုင်ချစခန်းတည်ဆောက်ထားပြီး ၊လမ်းသွားလမ်းလာ ပြည်သူများနှင့် ယာဥ်မောင်းများထံမှ ဆက်ကြေးကောက်ယူနေသည့် စခန်း ၂ ခုကို တန့်ဆည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စက်တင်ဘာ ၂၂ရက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
” ကျွန်တော်တို့ကလည်း လုပ်စရာရှိတာတော့ လုပ်ရမှာဘဲ။ အခုတိုက်ပွဲက ခရိုင်ဒေသကွပ်ကဲမှုနဲ့ တိုက်ရတာဖြစ်တယ်။ အထက်က ညွှန်ကြားချက်နဲ့ အလုပ်လုပ်ရတာပါ။ ကိုယ်တိုက်ချင်တိုင်း ဝင်တိုက်လို့မရပါဘူး။ မြို့ပေါ်ကို အခုရက် အတွင်း အသွားအလာမပြုလုပ်ကြပါနဲ့ စစ်တပ်က အထိနာထားတာမို့ ပတ်ရမ်းနိုင်ပါတယ်။ ” ဟု တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။
လက်ရှိတွင် ရေးဦးမြို့နယ်၊ အောင်သာရွာဘက်မှ စစ်တပ်နှင့် ပျူစောထီး အင်အား ၈၀ခန့်သည် တန့်ဆည်မြို့နယ်သို့ အင်အားဖြည့်တင်းရန်အတွက် စစ်ကြောင်းထွက်ခွာလာကြောင်း မျက်မြင်တွေ့ရှိခဲ့သူတစ်ဦးက MPA သို့ပြောသည်။
” စခန်းသိမ်းတယ်ပြောတယ်။ အခုလေကြောင်းက လာတိုက်တယ်။ ပြေးကြလွှားကြရတော့တာပဲ။ တစ်ခုရရင် တစ်ခုတော့ ပေးဆပ်ကြရတာပဲ။ သူတို့နိုင်တာဆိုလို့ လေကြောင်းပဲ ရှိတယ်။ လေကြောင်းပဲ အားကိုးတာ ။ကုန်းကြောင်းကလည်း လာပြီးဖြည့်တယ်ကြားတယ် ။ စစ်ရေးတွေတင်းမာပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာမှာကိုဘဲ စိုးရိမ်တာ အသက်ကလည်းကြီးပြီ ကလေးပေါက်စတွေနဲ့ သူများတွေပြေးဆိုပြေးရတာပဲ ဘာမှသိတာမဟုတ်ဘူး။ သူများတွေ တွဲခေါ်လို့ပြေးနိုင်တာ မဟုတ်ရင်တော့ နေရစ်ရမှာဘဲ ” ဟု တန့်ဆည်ဒေသခံ အရင်းအမြစ်က ဆိုသည်။
တန့်ဆည်မြို့ရှိ စစ်ကောင်စီစခန်းနှစ်ခုအား စက်တင်ဘာ ၂၂ ရက်၊ နေ့လယ် ၁၂နာရီ ၊ မိနစ် ၃၀ ၌ သိမ်းယူနိုင်ခဲ့ပြီး၊ စစ်ကောင်စီထံမှ လက်နက်ကြီး၊ လက်နက်ငယ် ၁၄ လက်နှင့် ကျည်အတောင့် ၁၀၀၀ ကျော်သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။