စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ကျေးရွာ၌ အထိုင်ချထားသည့် စစ်ကောင်စီ တပ်စခန်းအတွက် ရိက္ခာသယ်ရန် ထွက်လာသည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်းတပ်အား ဒေသခံကာကွယ်ရေး တပ်ဖွဲ့များမှ တိုက်ခိုက်ခဲ့မှုကြောင့် စစ်တပ်ဘက်မှ နှစ်ဦးသေဆုံးခဲ့ကြောင်း ပုလဲ ပကဖ ခေါင်းဆောင် ဒေါက်တာနန်းဝင်းက ပြောသည်။
“ စက်တင်ဘာ ၁၃ ရက် မနက်ပိုင်း စစ်တပ်စစ်ကြောင်းက အင်ကြင်းစုကနေထွက်တယ်။ ထွက်အပြီး ပျူရွာကနေ လှည်းတန်းနဲ့ထွက်လာတယ်။ PDF ဘက်က ပုံမှန်စောင့်နေကြ မိုင်းပွိုင့်ကို ဝင်လာလို့ခွဲတယ်။ အထိအခိုက်များတယ် လို့သိရတယ်။ နေ့လယ်ပိုင်းကန့်ဒေါင့်ကနေ ရိက္ခာ ယူအပြန် ပျူ နဲ့ စစ်သား အချို့ကို ချုံခိုတိုက်ခိုက်မှုလုပ်ခဲ့တယ်။ ပျူစောထီးတစ်ယောက်သေတယ်။ တစ်ယောက် ပြင်းထန် ဒဏ်ရာရတယ်” ဟု ဒေါက်တာ နန်းဝင်းက ပြောသည်။
ထိုကဲ့သို့တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီဘက်မှ စစ်သားနှင့်ပျူစောထီး နှစ်ဦး သေဆုံးပြီး ထိခိုက်ဒဏ်ရာများရရှိခဲ့သည့်အတွက် အင်မထီးပျူရွာတွင် ဆေးကုသမှုခံယူနေကြကြောင်း သိရသည်။
“ ၁၃ ရက်နေ့ ထိတွေ့မှု၊ ပစ်ခတ်မှု၊ မိုင်းဆွဲတိုက်ခိုက်မှုအရ ယနေ့အထိ အတွင်းသတင်းပေါင်းရင် မနေ့က တစ်ယောက် ပျူလား စစ်သားလားမသေချာဘူး။ သဂြိုဟ်လိုက်တာသိရတော့ နှစ်ယောက် ကျတယ်။ ထိခိုက်ဒဏ်ရာရများနေလို့ အခုထိ ပျူရွာမှာဘဲ အထိုင်ချ ဆေးကုသမှုယူနေကြတယ်” ဟု ဒေါက်တာနန်းဝင်းက ဆက်လက် ပြောသည်။
လက်ရှိတွင် ပျူစောထီးနှင့်စစ်ကောင်စီတပ်များသည် စစ်ကြောင်း ထိုးနေခြင်းကြောင့် မင်းတိုင်ပင်၊ နှောကန်၊ စပါးစေ့၊ လက်ပုကန်၊ ဦးနှောက်၊ ကုက္ကိုလ်ကုန်း စသည့်ကျေးရွာများအပါအဝင် ရွာပေါင်း ၉ရွာမှ ဒေသခံများ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“ ကိုယ့်ရွာမှာဘဲ တောင်သူအလုပ်အေးအေးလုပ်ပြီး ကိုယ့်အိုး၊ ကိုယ့်အိမ်မှာဘဲ နေချင်တယ်။ အခုလိုမျိုးကျတော့ မိုးရွာရွာ၊ နေပူပူ တစ်ခုခုဆို ပြေးနေရတာပဲ။” ဟု ဒေသခံ စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။
၂၀၂၁ ခုနှစ် အစောပိုင်းကာလများမှစ၍ ပုလဲမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ များအကြား ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားခြင်းကြောင့် စစ်ဘေးရှောင်ဒုက္ခသည် တစ်သိန်းကျော်ခန့်ရှိမည် ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
စစ်အာဏာသိမ်းပြီးနောက် အစောဆုံး လက်နက်ကိုင်ပြန်လည်ခုခံခဲ့သည့် ပုလဲမြို့နယ်ကို စစ်ကောင်စီတပ်မှ အင်တာနက်၊ ရိက္ခာ၊ ဆေးဝါးနှင့် ကုန်ပစ္စည်းများကို ဖြတ်တောက်ထားသည့်အပြင် လေကြောင်း၊ ကုန်းကြောင်းများဖြင့် ထိုးစစ်ဆင်နေသည့်အတွက် ဒေသခံပြည်သူများမှာ ဘေးလွတ်ရာသို့ ရှောင်တိမ်းနေရသည်။