စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့နယ်ထဲ၊ ဆားလင်းကြီးမြို့နယ်သို့ စက်တင်ဘာလ ၁၀ ရက်နေ့ခန့်ကစတင်ပြီး ယနေ့စက်တင်ဘာလ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်သား ၁၀၀ ခန့်သည် စစ်ကြောင်းထိုးဝင်ရောက်လာနေသည့် အတွက်ကြောင့် ပုလဲဒေသခံ ၁ သောင်းကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်းဒေသခံ ပြည်သူထံမှသိရသည်။
ဆားလင်းကြီးမြို့နယ်မှ တစ်ဆင့် စစ်ကောင်စီစစ်သား ၁၀၀ခန့်သည် ပုလဲမြို့ပေါ်ကို စက်တင်ဘာ ၁၀ ရက်နေ့
နေ့ခင်းပိုင်းအချိန် ၁၁ နာရီဝန်းကျင်ခန့်က စတင်ဝင်ရောက်လာပြီး ယနေ့ စက်တင်ဘာလ ၁၅ ရက်နေ့ထိ ၅ ရက်တိုင်တိုင် ရှိနေပြီဖြစ်ကြောင်း ဒေသခံအများစုကဆိုသည်။
“လတောင်ကလာ မြောက်ကိုပြေး မြောက်ကလာ တောင်ကိုပြေးနဲ့ လူကြီးတွေရော ကလေးပေါက်စလေးနဲ့ တကယ်သနားစရာလေးတွေ။ မိုးကလည်း ဒီလ ကောင်းလိုက်တာ။ တစ်လလုံးနီးနီးရွာနေတာ။ စဲကိုမစဲဘူး။ မိုးထဲရေထဲ ပြေးလွှားနေရတာပဲ “ လို့ ပုလဲဒေသခံ စစ်ရှောင်တစ်ဦးက MPA သို့ပြောသည်။
လက်ရှိအချိန်တွင် ကံကြီး၊မန်ကျည်းခွ၊ကျွန်းဘိုလ်ကုန်း၊ရွာသာ၊လိင်ကုန်း၊ဖိုလ်ကုန်း၊ညောင်ကုန်း၊ဇောင်ချမ်းကုန်း၊နွယ်ရှောက်၊ အင်ကြင်းစု၊ လှော်ကား၊ လက်ပုကန်၊ကုက္ကိုလ်ကုန်းကျေးရွာများနှင့် တစ်ခြားနီးစပ်နေသာ ကျေးရွာ ၂၀ ကျော်မှ ဒေသခံ ၁သောင်းခန့်သည် မိုးထဲလေထဲ စစ်ဘေးတိမ်းရှောင်နေရကြောင်းကို စစ်ဘေးရှောင်ကူညီနေသူများထံမှ ဒေသခံများ သိရသည်။
” ရာသီအကူအပြောင်းနဲ့ မိုးထဲရေထဲပြေးကြရတာဆိုတော့ ရာသီတုပ်ကွေးတွေ အများစုဖြစ်နေကြတယ်။ မြို့နယ်တာဝန်ခံ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ချိတ်ဆက်ပြီး ကျန်းမာရေးစောင့်ရှောက်မှုပေးတာတွေလည်း ရှိတယ်။ ဆေးဝါးလိုအပ်ချက်တွေလည်း ရှိနေတော့ ကျန်းမာရေးစောင့်ရှောက်မှုအပြည့်အဝတော့ မပေးနိုင်သေးဘူး။’’လို့ ပုလဲမြို့နယ်အခြေစိုက် Western Chindwin Association အဖွဲ့၏ တာဝန်ခံ ကိုစိုပြေမင်းထင်က MPA သတင်းဌာနကို ပြောပါတယ်။
စစ်ဘေးတိမ်းရှောင်နေရစဥ် စက်တင်ဘာလ ၇ ရက်နေ့မှစတင်ကာ မိုးများမပြတ် နေ့စဥ်ရွာသွန်းနေတာကြောင့် စစ်ဘေးတိမ်းရှောင်နေရသော ပြည်သူများအနက် ၁၀၀၀ ခန့်သည် ရာသီပေါ်တုပ်ကွေး ခံစားနေရပြီး ဆေးဝါးလိုအပ်ချက်တွေ အရေးပေါ်လိုအပ်နေသည်ကို စစ်ရှောင်ပြည်သူများကို အနီးကပ်ကူညီပေးနေသည့် ပုလဲမြို့နယ်တာဝန်ခံကျန်းမာရေးဌာနမှတစ်ဆင့် သိရသည်။
ရာသီပေါ်တုပ်ကွေးကုသရန်အတွက် အခြေခံဆေးဝါးများဖြစ်သည့်” Diclofenac ၊ Gentamycin ၊ Rantidinie ၊ ketrolac ၊ Omerparzole. ၊ Batimin 6 ၊ 12 ၊ Gloucose 25% ၊ Fluza အရန်သင့်သောက်ဆေးနှင့် အအေးမိဖျားနာများအတွက် Decogen ၊ paractamol ” စသည်တို့ အရေးပေါ်လိုအပ်လျက်ရှိကြောင်း ပုလဲမြို့နယ်ကျန်းမာရေးဌာန၏တာဝန်ခံမှ MPA သို့ ပြောသည်။