KNU – ထိန်းချုပ်နယ်မြေ၊ ကရင်ပြည်နယ်၊ ဒူးပလာယာခရိုင်၊ ဝင်းရေးမြို့နယ်အတွင်းရှိ ကျုံခ၀န်ကျေးရွာ၌ (၃၃) နှစ်မြောက် ကရင့်ရိုးရာ ချည်ဖြူဖွဲ့ အခမ်းအနားကို ယမန်နေ့ (ဩဂုတ် ၂၉ ရက်) က ကျင်းပပြုလုပ်ခဲ့ကြောင်း ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူထံမှ စုံစမ်းသိရသည်။
အဆိုပါ အခမ်းအနားကို ဒေသခံပြည်သူများမှ စုပေါင်းကျင်းပခဲ့ခြင်းဖြစ်ပြီး အခမ်းအနားသို့ ခရိုင်နှင့် မြို့နယ်မှ အုပ်ချုပ်ရေးတာ၀န်ရှိသူများ၊ ကျောင်းသူ၊ ကျောင်းသားများ၊ ဒေသခံများအပါအဝင် စုစုပေါင်း လူဦးရေ (၂၀၀) ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။
“ ဘာသာရေးနဲ့ မသက်ဆိုင်တဲ့ ကရင်လူမျိုးတွေရဲ့ မိရိုးဖလာ ဓလေ့ထုံးတမ်းအရ ဝါခေါင်လဟာ မိုးကြီး ရေကြီးသောကာလ ဖြစ်သလို ရောဂါပေါများတဲ့ ကာလဖြစ်တယ်။ အဲ့ဒါကြောင့် သက်ကြီးရွယ်အိုကနေ ကလေးပါအစ ချည်ဖြူနဲ့ မိမိတို့ရဲ့ လက်ကောက်ဝတ်မှာ လက်ချည်လိပ်ပြာခေါ်ကြတယ်။ အကြောင်းကတော့ ဒီချည်ဖြူဟာ မိမိတို့ရဲ့ လက်ကောက်ဝတ်မှာ ရှိနေသ၍ မိမိလိပ်ပြာကလည်း ချည်ဖြူနဲ့အတူရှိနေမှာဖြစ်သလို မကောင်းဆိုးဝါးနဲ့ ပရောဂအမျိုးမျိုးရဲ့ နှောင့်ယှက်မှုမှ ကင်းဝေးစေပြီး၊ ရောဂါကင်းစင် ကျန်းမာချမ်းသာပြီးတော့ တစ်ဦးနဲ့တစ်ဦး ရိုင်းပင်းကူညီကာ ကရင်လူမျိုးအချင်းချင်း သွေးစီးညီညွတ်ဖို့ ဖြစ်ပါတယ်” ဟု ဒူးပလာယာခရိုင် – သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက ပြောသည်။
အဆိုပါ အခမ်းအနားတွင် ကရင့်ရိုးရာလက်ချည်ဖြူအကများဖြင့် ဖျော်ဖြေခြင်း၊ စုပေါင်းလက်ချည်ဖြူဖွဲ့ခြင်းနှင့် လက်ချည်ဖြူဖွဲ့ခြင်း၏ ရည်ရွယ်ချက်များကိုလည်း တက်ရောက်လာကြသည့် တာဝန်ရှိသူများမှ ရှင်းလင်းပြောကြားမှုများ ပြုလုပ်ခဲ့သည်။
“ လက်ချည်ဖြူဖွဲ့ခြင်းကို ကရင်လူမျိုးတွေ နေထိုင်ရာ ဘယ်ဒေသမှာမဆို ကျင်းပလေ့ရှိပါတယ်။ ပွဲကို ဝါခေါင်လပြည့်လို့ သတ်မှတ်ထားပေမယ့်၊ တစ်နေရာနဲ့ တစ်နေရာ ကျင်းပတဲ့ နေ့ရက်များ မတူကြသလို အကြိမ်ရေလည်း မတူကြပါဘူး။ နောက်ပြီး ချည်ဖြူဖွဲ့ခြင်းကို ကရင်လူမျိုးများက ဝါခေါင်လ တစ်လအတွင်းမှာပဲ ကျင်းပကြပါတယ်။ ဥပမာ ပြောရရင် ခရစ်စမတ်နေ့ကို ဒီဇင်ဘာ ၂၅ ရက်မှာ သတ်မှတ်ထားကြပေမဲ့ ခရစ်ယာန်ကိုးကွယ်သူများက ဒီဇင်ဘာလ တစ်လအတွင်းမှာ နေ့ရက်မတူဘဲ ကျင်းပကြတာကို တွေ့ရမှာပါ” ဟု ၎င်းက ဆက်ရှင်းပြသည်။
ယင်းအခမ်းအနားတွင် ဒူးပလာယာခရိုင်တရားသူကြီး ပဒိုစောချာလပတ်၊ ခရိုင်အမြဲတမ်းကော်မတီဝင် ပဒိုစောလေးထူးနှင့် မြို့နယ် ကရင့်ပညာရေးနှင့် ယဥ်ကျေးမှုဌာန ပဒိုမန်းရှာထူးဝေါတို့မှ ကရင့်ရိုးရာယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို ထိန်းသိမ်းမြှင့်တင်ကြရန်နှင့် စည်းလုံးညီညွတ်မှုရှိစေရန် မိန့်ခွန်းပြောကြားမှုများပြုလုပ်ခဲ့သည်။
ထို့အပြင် ကရင့်ရိုးရာယဥ်ကျေးမှု ချည်ဖြူဖွဲ့အခမ်းအနားကို ကရင်ပြည်နယ်တွင် သာမက ထိုင်းနိုင်ငံမဲ ဆောက်မြို့အပါအဝင် နိုင်ငံအသီးသီးတွင်ရှိသည့် ကရင်ပြည်သူများမှလည်း အခမ်းအနားများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။