iSure ဖုန်းဆိုင်မှ ဝန်ထမ်းတစ်ဦးသည် Customer ထံမှ ခြိမ်းခြောက်ငွေတောင်းခံမှုပြုလုပ်ခဲ့သည့်အတွက် ကျူးလွန်သူ ဝန်ထမ်းအား iSure ဖုန်းဆိုင်မှ ဝန်ထမ်းပိုင်းဆိုင်ရာ ကျင့်ဝတ်အရ အရေးယူမှုအပြင် တရားဥပဒေအရပါ ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြီးခဲ့သည့် ဇွန်လအတွင်းက ရန်ကုန်မြို့ Time City ရှိ iSure Service ဌာနတွင် အမျိုးသမီးတစ်ဦးမှ ဖုန်း display service သွားအပ်ခဲ့ပြီးနောက် ဖုန်းအတွင်းရှိ Customer ၏ Privacy ကိစ္စ၊ ဗွီဒီယိုများအား Telegram ချန်နယ်များတွင် ရောင်းချမည်ဟုဆိုကာ ဆိုင်ဝန်ထမ်းတစ်ဦးမှ ခြိမ်းခြောက်ငွေတောင်းခံခြင်း ဖြစ်သည်။
ယင်းကဲ့သို့ ခြိမ်းခြောက်ခဲ့ပြီးနောက် လက်ရှိတွင် အဆိုပါ Customer အမျိုးသမီး၏ Privacy ကိစ္စ ဗွီဒီယိုများသည် Telegram ချန်နယ်များတွင် ပျံ့နှံ့နေပြီဖြစ်သည်ဟု ဆိုသည်။
“ကျွန်မက ကလေးအမေမို့လို့သာ ဒီလို ယောက်ျားမိန်းမသဘာဝဖြစ်တဲ့ ကိစ္စတွေကို ရှက်လည်း မရှက်ဘူး။ ကြောက်စရာလည်း ကြောင်းမရှိဘူး။ ဒါပေမယ့် အပျိုကလေးမလေးတွေ အရှက်ခွဲခံရမှာနဲ့ မိဘတွေသိမှာကြောက်လို့ ခြိမ်းခြောက်ခံရပြီး ငြိမ်ခံနေရတဲ့သူတွေ အများကြီးရှိတယ်။ ဒါ့ကြောင့် နောက်ထပ် အပျိုကလေးမလေးတွေ ဒီလိုမခံရအောင် အဲ့ဒိလို ဆိုင်ဝန်ထမ်းမျိုးကို သိအောင် တင်ပေးလိုက်တာပါ။ နောက်ပြီး တရားဥပဒေအရ ဆက်သွားမှာပါ”ဟု Privacy ချိုးဖောက်ခံရပြီး ခြိမ်းခြောက်ငွေတောင်းခံရသူ Customer အမျိုးသမီးက ၎င်း၏ လူမှုကွန်ရက်မှတစ်ဆင့် အသိပေး ပြောကြားထားသည်။
ယင်းအပြင် ၎င်း ဖုန်းပြုပြင်ခဲ့သော Time City ရှိ iSure ဖုန်းဆိုင်မှ ဆက်သွယ်၍ တာဝန်ယူဖြေရှင်းလာခြင်းလည်း မရှိသေးကြောင်း သိရသည်။
“တိုက်ရိုက်အရေးယူတာတော့ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆-ဂ နဲ့ပေါ့။ ဆက်သွယ်ရေး ကွန်ရက်တစ်ခုခုကို အသုံးပြုပြီးတော့ လူတစ်ဦးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းအောင် လုပ်တာပေါ့။ ပြင်ဆင်ထားတဲ့ ဥပဒေအရတော့ ပြစ်မှုထင်ရှား ထောင်ဒဏ် ၃ နှစ်အထိ ကျတယ်။ ဒီပုဒ်မနဲ့ မစွဲဘူးဆိုလည်း အသရေဖျက်မှုပုဒ်မဖြစ်တဲ့ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၀ နဲ့ စွဲလို့ရပါတယ်။ ဒီပုဒ်မကတော့ ပြစ်မှုထင်ရှားရင် အမြင့်ဆုံးက ၂ နှစ်နဲ့ ငွေဒဏ် ကျခံရနိုင်တယ်။ သို့တည်းမဟုတ် ကျူးလွန်သူက တင်ထားတာတွေဟာ တော်တော်ကို ဆိုးရွားတယ်ဆိုရင်လည်း အီလက်ထရောနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၄ နဲ့လည်း စွဲလို့ရပါတယ်။ ဒါကတော့ ပြစ်မှုပိုများတာပေါ့”ဟု တရားဥပဒေအကြံပေး ရှေ့နေတစ်ဦးက ပြစ်မှုပြစ်ဒဏ်များအား MPA သို့ ရှင်းပြသည်။
iSure ဖုန်းဆိုင်မှလည်း ၎င်းတို့ဆိုင်အား ယုံကြည်စိတ်ချစွာ လာရောက်အပ်နှံသည့် Customer အပေါ် စိတ်မချမ်းမြေ့စရာ အဖြစ်အပျက်နှင့် တွေ့ကြုံခဲ့ရသည့်အတွက် အနူးညွတ်တောင်းပန်ကြောင်း iSure ဖုန်းဆိုင်၏ facebook page မှ တစ်ဆင့် အသိပေးထုတ်ပြန်ထားသည်။
၎င်းအပြင် မသမာမှုပြုလုပ်ခဲ့သည့် ဝန်ထမ်းကိုလည်း ဝန်ထမ်းပိုင်းဆိုင်ရာ ကျင့်ဝတ်အရအရေးယူမှုအပြင် တရားဥပဒေအရပါ ပြတ်သားစွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားထားသော်လည်း တစ်စုံတစ်ရာ အတိအလင်း မကြေညာထားသေးပေ။
Privacy ချိုးဖောက်ခံရပြီး ခြိမ်းခြောက်ငွေတောင်းခံရသူ Customer အမျိုးသမီးအနေဖြင့် တရားဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမည်ဆိုပါက အမှု၏ အခြေခံအချက်အလက်များ လိုအပ်မည်ဖြစ်ပြီး ကျူးလွန်သူတင်ထားသော Post များ၊ Profile များ၊ Comment များအား သိမ်းဆည်းထားကာ အရေးယူဆောင်ရွက်နိုင်မည်ဖြစ်ကာ ကျူးလွန်သူ ဝန်ထမ်းနှင့် ယင်းဖုန်းဆိုင်သို့လည်း သတိပေးစာ ပေးပို့ထားရမည်ဖြစ်ကြောင်း တရားဥပဒေအကြံပေးရှေ့နေ၏ ပြောကြားချက်အရ သိရသည်။