စစ်ကိုင်းတိုင်း၊ဆားလင်းကြီး၊ကလေးနှင့် မုံရွာမြို့တို့ရှိ စစ်ရေးပစ်မှတ်များကို ဩဂုတ်၁၅ရက်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့-PDAF ကသတင်းထုတ်ပြန်သည်။
သြဂုတ် ၁၅ ရက်၊ နံနက် ၉ နာရီခွဲခန့်တွင် ဆားလင်းကြီးမြို့နယ်၊ကျားတက်ရဲစခန်းထဲသို့ ဗုံးသီး ၅ လုံးကြဲချခဲ့ပြီးနေ့ခင်း ၁၂ နာရီခန့်တွင် ကလေးမြို့အဝင် စစ်ဆေးရေးဂိတ်ကို ဗုံးသီး ၂ လုံးကြဲချခဲ့ကြောင်းထို့နောက်မုံရွာမြို့ပေါ်၊စီးပွားရေးတက္ကသိုလ်ဝန်းအတွင်းရှိ စစ်သားများနေထိုင်ရာနေရာသို့ ဗုံးသီး ၁ လုံး၊လက်နက်ကြီးပစ်ကွင်းနေရာသို့ ဗုံးသီး ၁ လုံးနှင့် ကျောင်းရှေ့ ရေကျော်ဂိတ်သို့ ဗုံးသီး ၁ လုံးကြဲချတိုက်ခိုက်ခဲ့ကြောင်းသိရသည်။
“အသေအပျောက်ကတော့ ချက်ချင်းစုံစမ်းလို့မရဘူး။ထိခိုက်ဒဏ်ရာရမှာတော့သေချာပါတယ်။ သူတို့နားနေဆောင်၊ဂိတ်တဲ၊ဘန်ကာ၊လက်နက်ကြီးနေရာ၊အိပ်ဆောင်နေရာတွေကို ဗုံးကြဲချခဲ့တာပါ။ကလေးမြို့အဝင်မှာက အင်အား ၇၀ လောက်ရှိတယ်။ဂိတ်တဲနေရာကို ၁ လုံး၊သူတို့နေတဲ့ ဂိုထောင်အနီးကို ၁ လုံး ဗုံးကြဲချခဲ့တာ။အဲ့ဒီမှာ Drone Gun နဲ့ပြန်ပစ်လို့ ၁ စီးဆုံးရှုံးလိုက်ရတာပါ။Ecoကျောင်းထဲမှာက သူတို့အရာရှိနေတဲ့နေရာနဲ့လက်နက်ကြီးဆင်ထားနေရာကိုချတာ”ဟု ဒေါင်းတမန်စစ်ဆင်ရေးအဖွဲ့၊ တာဝန်ခံ က ပြောသည်။
စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်မှုများရှိပြီး PDF တပ်ဖွဲ့ဝင်များထိခိုက်မှုမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည်။
“ကျနော်တို့ ဒရုန်းလေယာဥ်လေးတွေက လက်လုပ်ဆိုတော့ မောင်းရင်းပျက်စီးသွားလို့ မရှိမှဘဲ မစ်ရှင်တွေကို နားတာပါ။ရဲဘော်တွေကတော့ မနားရပါဘူး ။လေယာဥ် ပြန်ဆောက်ကြရပါတယ်။မစ်ရှင်တွေက ရက်ဆက်ဖြစ်နေတော့ ဗုံးသီးလိုအပ်ချက်ဖြစ်နေတယ်။ကျနော်တို့က ဗုံးသီးကို အနည်းဆုံး 1kgသုံးပါတယ်။ယမ်းအဆင်ပြေရင် 2 Kg သုံးပါတယ်။ဒေသခံတပ်ရင်း၊တပ်ဖွဲ့တွေကလည်း ယမ်းအကူအညီပေးကြပါတယ်။ဗုံးသီးကတော့ ကျနော်တို့ကိုယ်တိုင်လုံးတာပါ။လက်ရှိအချိန်မှာတော့ ကျနော်တို့ကို SSTFဆားလင်းကြီးအဖွဲ့က ပံ့ပိုးပေးနေပါတယ်”ဟု ၎င်းကဆိုသည်။
အဆိုပါတိုက်ခိုက်မှုကို Shar Htoo Waw နည်းပညာတပ်ဖွဲ့၏ Team-3 PDAF၊Team-4 SSTF၊မုံရွာခရိုင်တပ်ရင်း ၂၄ တပ်ခွဲ(၃) တပ်ခွဲ(၄)၊မုံရွာ(ပကဖ)Wings Of Kalay၊ကျောက်လုံးကြီး KLG တပ်မဟာ၊အနောက်ပိုင်းတိုက်ခိုက်ရေး(၀၀၁)CDSOM၊MRTF အရာတော်၊စစ်ကိုင်းခရိုင်တပ်ရင်း-၄MSPDF၊Union Brothers(ပြည်သူ့အကျိုးဆောင်အဖွဲ့)၊ကြောက်ခေတ်ကိုမှောက်ပစ်မယ်ထောက်ပို့အဖွဲ့၊ဒေါနစစ်ကြောင်း၏ဖိုးမောင်ပြန်လာပြီ ဇဦတ်ကားထောက်ပို့အဖွဲ့၊Support To Federal Democracy၊မဖြူလေးနှင့်ဒေသကာကွယ်ရေးတပ်ဖွဲ့များပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
သြဂုတ်လ ၁၄ ရက်နေ့၊ မုံရွာမြို့အမှတ်(၂)ရဲစခန်းအတွင်းသို့ ဗုံးကြဲချတိုက်ခိုက်ခဲ့ရာ ၁၀ ဦးထက်မနည်းထိခိုက်ဒဏ်ရာရရှိပြီး သေဆုံးမှုများရှိကြောင်း ဒေါင်းတမန်လေကြောင်းစစ်ဆင်ရေးအဖွဲ့ ကထုတ်ပြန်ထားသေးသည်။