ယနေ့တွင် မဲခွဲရွေးချယ်ခဲ့သည့် အယောက် ၃၀ မြောက် ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ် ရွေးချယ်မှုတွင် ထိုင်းလူမျိုးအများစု နှစ်သက်ရွေးချယ်ခဲ့သည့် Move Forward Party (MFP) မှ ခေါင်းဆောင် ဖိထာသည် ဝန်ကြီးချုပ်ဖြစ်ခွင့်အတွက် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။
ဝန်ကြီးချုပ်ဖြစ်ခွင့်အတွက် ဖိထာသည် အထက်နှင့်အောက်လွှတ်တော်နှစ်ရပ်ပေါင်း မဲ ၇၅၀ ထဲမှ ထောက်ခံမဲ ၃၇၆ မဲ ရရှိရန် လိုအပ်သော်လည်း ၃၂၃ မဲသာ ရရှိခဲ့ခြင်းဖြစ်သည်။
“ထိုင်းပြည်သူတွေ ရွေးချယ်ထားတဲ့ ဝန်ကြီးချုပ်က ဖိထာပါပဲ။ အခုက စစ်တပ်က သူတို့ဘာသာ ခန့်ပြီး ယူထားတဲ့ မဲ ၂၅၀ ကြောင့် အခုလို ခြေနေဖြစ်သွားတာပါ။ ဒီ ၂၅၀ ထဲက တချို့က ဖိထာကို မဲပေးချင်တာတွေရှိတယ်။ ဒါပေမဲ့ မပေးရဲဘူး။ ဘာကြောင့်လဲဆိုတော့ တချို့တွေက စီးပွားရေး လုပ်တဲ့နေရာမှာ တရားမဝင်တဲ့ စီးပွားရေးတွေရှိတယ်။ နားလည်မှုနဲ့ လုပ်ထားတာတွေရှိတယ်။ ဒါကြောင့် ခြိမ်းခြောက်ခံရမှုတွေလည်း ရှိတယ်။ ဒါကြောင့် ဒီ ၂၅၀ က ဘယ်သူမှ မလှုပ်ရဲဘူး”ဟု ဖိထာ၏ ရလဒ်နှင့် ပတ်သက်၍ ထိုင်းနိုင်ငံသား နိုင်ငံရေးတက်ကြွသူတစ်ဦးက MPA သို့ ရှင်းပြသည်။
ယင်းသို့အခြေအနေများကြားမှ မဲခွဲရာတွင် ကြားနေမဲအများအပြား ပေးခဲ့သည်မှာလည်း ပေါ်ပေါ်ထင်ထင် ရှိခဲ့သည်။ နောက်ကွယ်တွင် ထိုင်းစစ်တပ်၏ ထောက်ခံမှုများရှိသည့် ပါတီများသည် ဖိထားကို ဘုရင်စနစ်အား ပြုပြင်ပြောင်းလဲသူ တစ်ဦးအဖြစ် စွပ်စွဲမှုများ ပြုလုပ်ခဲ့ကြသလို စစ်တပ်ကျောထောက်နောက်ခံ ပါတီများ၏ ကြိုက်နှစ်သက်ကို မခံခဲ့ရပေ။