ကယား(ကရင်နီ)ပြည်နယ်အား စစ်ကောင်စီတပ်မှ ပုဂ္ဂလိက ဖုန်းလိုင်းများ ဖြစ်သည့် တယ်လီနော (Atom) နှင့် အော်ရီဒူး ဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်း၊ စစ်ကောင်စီလက်အောက်ခံ ဖုန်းလိုင်းများကိုတော့ အသုံးပြုလို့ ရနေသေးကြောင်း လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
အထက်ပါ ပုဂ္ဂလိကပိုင် ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ဖြတ်တောက်မှုကို ဇူလိုင်လ ၆ ရက်နေ့ ယနေ့ နံနက် ၂ နာရီခန့်က စတင်ခဲ့ပြီး ယခုအချိန်ထိ ပြန်လည်မရရှိသေးကြောင်း လွိုင်ကော်မြို့နေ ဒေသခံတစ်ဦးက ပြောသည်။
“ မနေ့က စပြီး လိုင်းပြတ်တာ၊ တယ်လီနော(Atom)နဲ့ အော်ရီဒူးတွေ သုံးမရဘူး။ MPTလည်း လိုင်းမကောင်းဘူး။ ဒီမော့ဆိုးဘက်နဲ့ ဖားဆောင်းဘက်မှာဆို Mytel ပဲ ရတယ်” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကယား(ကရင်နီ)ပြည်နယ်အတွင်း မြို့နယ်အချို့တွင် စစ်ကောင်စီ ထိန်းချုပ်ထားသည့် Mytel၊ CDMA နှင့် MPTဆင်းကဒ်များသာ အသုံးပြုရပြီး Mytel ဆင်းကဒ်နှင့် ဖုန်းဘေလ်များအား သတ်မှတ်ဈေးထက် ပိုပြီး ပေးဝယ်နေရကြောင်း ဒီမော့ဆိုး အရှေ့ခြမ်းတွင် နေထိုင်သူတစ်ဦးက ပြောသည်။
“ ဒီဘက်မှာက Mytel ပဲ ရတော့တယ်။ MPTလည်းရပေမယ့် အင်တာနက်သုံးတဲ့အခါ 3G ပြောင်းသုံးနေရတယ်။ CDMA တော့ မရှိလို့ မသိသေးဘူး။ ရဟတ်ယာဉ်တွေ ဖြတ်သွားတာတော့ တွေ့လိုက်တယ်။ တိုက်ပွဲကြီးတဲ့ပုံပဲ။ လိုင်းပါဖြတ်ထားတာဆိုတော့” ဟု ၎င်းက ပြောသည်။
လက်ရှိတွင် ကယား(ကရင်နီ)ပြည်ရှိ ဖားဆောင်းအရှေ့ဘက်ကမ်းတွင် ယနေ့ နံနက် ၁၀ နာရီ ၄၇ မိနစ်နှင့် ၁၀ နာရီ ၅၅ မိနစ်ခန့်က စစ်ကောင်စီတပ်မှ တိုက်လေယာဉ်များ သုံးကာ ဗုံးနှစ်ကြိမ်ကျဲချခဲ့ကြောင်း သိရသည်။