အညာဒေသ၊ တော်လှန်ရေးအင်အားစုများဖြစ်သည့် ရေစကြို ပ.က.ဖ ၊မြိုင် ပ.က.ဖ နှင့် စလင်းကြီး အဖွဲ့ ညီနောင်မဟာမိတ် သုံးဖွဲ့ အနေဖြင့် စစ်ရေးအရှိန်များ မြှင့်တင်နိုင်ရန်အတွက် သိန်းငါးထောင် ကမ်ပိန်းများ ပြုလုပ်လျက် ရှိပြီး ပြည်သူများအနေဖြင့် ဝိုင်း၀န်း ကူညီပေးကြရန်ရေစကြို ပ.က.ဖ တာ၀န်ခံ ရဲဘော်ဝေကြီးက တောင်းဆိုလိုက်သည်။
“ ယခင်ကတော့ညီနောင်မဟာမိတ်တွေနဲ့ missionတွေ၊ တိုက်ပွဲတွေပူးတွဲ တိုက်ခိုက်ခဲ့ပေမဲ့ အခုလို ကမ်ပိန်းမလုပ်ဖူးပါဘူး။ ကမ်ပိန်းကနေဗျူဟာမြောက် စစ်လက်နက်တွေ တပ်ဆင်ပေးနိုင်ချင်ပါတယ်” ဟု ရဲဘော်ဝေကြီးမှ ပြောပြသည်။
စစ်ကောင်စီသည် မြိုင်၊ ရေစကြို၊ ဆားလင်းကြီးကဲ့သို့သောမကွေး၊ စစ်ကိုင်း နယ်မြေများအား အပြင်းအထန်စစ်ကြောင်းထိုး ဖိနှိပ်လျက် ရှိသည်။
“ ရန်သူရဲ့ခံစစ်ပြင်ဆင်မှု၊ ထိုးစစ်ဆင်မှု အခြေအနေတွေဟာ ပြောင်းလဲလာသလို ကိုယ့်ဘက်ကလည်းဗျူဟာကျကျ ပြင်ဆင်ဖို့ လိုသလို၊ဗျူဟာမြောက် လက်နက်တွေ တပ်ဆင်နိုင်ဖို့လည်း လိုအပ်နေပါတယ် “ ဟု ရဲဘော်ဝေကြီးက ဆက်ပြောပြသည်။
စစ်ကောင်စီအနေနှင့် ရေစကြို မြို့နယ်အား ပြီးခဲ့သည့် ဧပြီလနှင့်ယခု မေလအတွင်း စစ်ကြောင်း ငါးကြိမ်ထက်မနည်း ပြင်းပြင်းထန်ထန် စစ်ကြောင်း ထိုးခဲ့သည်။
ထိုစစ်ကြောင်းများအတွင်း ဘီလူးစစ်ကြောင်းဟု လူသိများသည့် စစ်ကိုင်း၊ မကွေးတကြောတွင် လှုပ်ရှားနေသည့် စစ်ကောင်စီ၏ စစ်ကြောင်းလည်း အပါအ၀င်ဖြစ်သည်။
“ အရင်ကလည်း ပြည်သူလူထုအားနဲ့ ရပ်တည်တိုက်ပွဲဝင်ခဲ့ကြသလို အခုလည်း ပြည်သူလူထုအားကို ဒီကမ်ပိန်းလေးနဲ့ စုစည်းတာ ဖြစ်တဲ့အတွက်ပါဝင်ပေးကြဖို့ မေတ္တာရပ်ခံ ဖိတ်ခေါ်ပါရစေ” ဟု ရဲဘော်ဝေကြီးက တောင်းဆို မေတ္တာ ရပ်ခံထားပါသည်။
စစ်ကောင်စီ၏ ထိုးစစ်အားကောင်းလာမှု၊ စစ်ဗျူဟာ ပြောင်းလဲလာမှုနှင့်အတူ တော်လှန်ရေးအင်အားစုများအနေနှင့်လည်း ပြန်လည် အင်အားဖြည့်နိုင်ရန်အတွက် ယခုကဲ့သို့ သိန်းငါးထောင် ကမ်ပိန်းပြုလုပ်ရခြင်းဖြစ်သည်ဟု ဆိုသည်။