မွန်ပြည်နယ်၊ ချောင်းဆုံမြို့ နယ်အတွင်း UID (Unique Identity Number) ခေါ် စမတ်ကတ် အမြန် လိုချင်သူများကို လူဝင်မှုကြီးကြပ်ရေး(လဝက)က ကျပ်သိန်းဂဏန်းအထိ တောင်းရမ်းနေကြောင်း သိရသည်။
ချောင်းဆုံမြို့ လဝကရုံးတွင် စမတ်ကတ်ပြုလုပ်ပေးလျက်ရှိပြီး နှစ်ရက်အတွင်း ယူချင်ပါက ကျပ် ၁၀,၀၀၀၀ဝန်းကျင် ပေးနေရကြောင်း ချောင်းဆုံမြို့ စစ်ကောင်စီအုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရသည်။
“စမတ်ကတ်ဆိုတာ အလကားလုပ်ပေးရတာလေ။အဲဒါကို အမြန်ကြေးဆို ၁၀,၀၀၀၀။ပုံမှန်အတိုင်း တစ်ပတ်ကြာမှ ယူမယ်ဆိုရင်တော့ လူကြည့်ပြီးတော့ ၁၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ တောင်းနေ တယ်” ဟု ချောင်းဆုံမြို့ အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက MPA သို့ပြောသည်။
၂၀၂၃ခုနှစ်မှစတင်ကာ ချောင်းဆုံမြို့နယ်အတွင်းရှိ ရွာများသို့ လဝကဝန်ထမ်းများ သွားရောက်ကာ စမတ်ကတ်ကို အခမဲ့လုပ်ပေးခဲ့ပြီး ယခုမှ လုပ်ချင်သူများအား ချောင်းဆုံလဝကရုံး၌ လုပ်ပေးနေ ခြင်းဖြစ်ကြောင်း သိရသည်။
“အရင် ရွာထဲသွားလုပ်ပေးတုန်းကတော့ ရွာသားတွေက မလုပ်ရင်ဘဲ ဖမ်းမှာလိုလိုဆိုတော့ ကြောက် ပြီး ဘာမှန်းမသိဘဲ လုပ်ကြတာ။အခု စမတ်ကတ်လာလုပ်တဲ့သူတွေကျတော့ ထိုင်းသွားဖို့ လမ်းမှာ စစ်ရင် ပြဖို့နဲ့ နယ်စပ်ဖြတ်ရင် လိုတယ်ဆိုလို့ လုပ်ကြတာဆိုတော့ လဝက က ပိုက်ဆံဖန်တာ” ဟု ချောင်းဆုံမြို့အရှေ့ပိုင်းရပ်ကွက်နေ ပြည်သူတစ်ဦးကပြောသည်။
စမတ်ကတ်ကို အသက်၄၀အောက် အမျိုးသားများ အဓိကလာလုပ်နေကြကြောင်း ၎င်းက ဆိုသည်။
“တစ်နေ့ လူဘယ်လောက်လာလုပ်သလဲတော့ မသိဘူး။နေ့တိုင်း လာလုပ်နေတာတော့ တွေ့နေရ တယ်။ပိုက်ဆံပေးနေရတာလည်း ဟုတ်တယ်။ဒီခေတ်မှာ ပိုက်ဆံပေးရလို့ဆိုပြီး သွားတိုင်ရင် တိုင် တဲ့သူပါ အဖမ်းခံရနိုင်တော့ ဘယ်သူမှ မတိုင်ရဲဘူး” ဟု ၎င်းက ဆက်လက်ပြောသည်။
ချောင်းဆုံမြို့နယ်အတွင်းရှိ လူငယ်များမှာ ထိုင်းနိုင်ငံ၌ အဓိက အလုပ်လုပ်ကိုင်ကြပြီး အာဏာသိမ်း ပြီးနောက်ပိုင်း အလုပ်အကိုင်ပါးရှားလာသဖြင့် ထိုင်းသို့သွားကာ အလုပ်လုပ်သူ ပိုများလာကြောင်း သိရသည်။
မေလတစ်ရက်မှစတင်ကာ နယ်စပ်ဖြတ်သန်းသွားလာမှုကို လူဦးရေစာရင်း ထိန်းချုပ်နိုင်ရန် ဆိုသည့်အကြောင်းပြချက်ဖြင့် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး (လဝက)က စမတ်ကတ် ပါရှိမှသာ နယ်စပ်ဖြတ်သန်းခွင့်လက်မှတ် ထုတ်ပေးမည်ဟု ထုတ်ပြန်ထားသည်။
စမတ်ကတ်တွင် မျက်လုံး၊ လက်ဗွေ စသည့် ဇီဝဆိုင်ရာ အချက်အလက်များကို အီလက်ထရောနစ်စနစ်ဖြင့် တစ်ဦးချင်းအလိုက် မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း သိရသည်။