လေးနာရီပြည့်အောင် မီးမလာသည့် ရန်ကုန်မြို့တော်စည်ပင်နယ်နိမိတ်အတွင်းရှိ မြို့နယ် သုံးခုတွင် ပြည်သူနှင့် တော်လှန်ရေးအင်အားစုတို့ ပူးပေါင်းကာ လျှပ်စစ်မီးမမှန်နေမှုကို ကန့်ကွက်ဆန္ဒပြ စာရွက်ကြဲခဲ့ကြကြောင်း သိရသည်။
ယနေ့(မေခုနှစ်ရက်)နံနက်အစောပိုင်းတွင် ရန်ကုန်မြို့ရှိ နေရာ သုံးခုတွင် စာရွက်ကြဲ ဆန္ဒပြပွဲကို တစ်ချိန်တည်း ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း လျှပ်စစ်မီးမမှန်နေခြင်းနှင့်ပတ်သက်ပြီး ဆန္ဒထုတ်ဖော်လှုပ်ရှားမှု ပြန်ကြားရေးတာဝန်ခံ ကိုဗျတ္တက ပြောသည်။
“ ဆန္ဒပြတယ်ဆိုတာထက် စာရွက်တွေကြဲခဲ့တာပါ။အဓိကကတော့ ရန်ကုန်မြို့မှာ မီးပြတ်နေတဲ့ ဒဏ်ကို ခံစားနေရပြီး ဒေါသထွက်နေတဲ့ ရန်ကုန်လူထုရဲ့ အသံကို ကျတော်တို့ လမ်းမတွေပေါ်မှာ ကြဲချခဲ့တာဖြစ်ပါတယ်။ရန်ကုန်မြို့က နေရာသုံးခုလောက်မှာ လူခွဲပြီး လုပ်ခဲ့တာပါ” ဟု ၎င်းက MPA သို့ ပြောသည်။
ယနေ့ဆန္ဒပြပွဲတွင် ပြည်သူအင်အား ဆယ်နှင့်ချီပါဝင်ပြီး ဆန္ဒပြခဲ့သည့် မြို့နယ်နှင့်နေရာတို့ကို လုံခြုံရေးအရ အတိအကျ မပြောနိုင်သေးကြောင်း ကိုဗျတ္တက ဆိုသည်။
“ အထူးသဖြင့် သင်္ဃန်းကျွန်းလို၊ လှိုင်သာယာလို၊ တောက်ဒဂုံလို နေရာတွေမှာတော့ မီးက ပိုပြတ်တယ်။အချိန်မမှန်ဘူး။ပြတ်ချိန်မှာပြတ်တယ်။ လာချိန်မှာလည်းပြတ်တယ်။ အဲ့လိုပေါ့။ ဒါကတော်တော်လေး ရုပ်ပျက်တဲ့ကိစ္စဖြစ်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။
ထို့အပြင် ရန်ကုန်မြို့တွင်း မြို့နယ်များသည် လျှပ်စစ်မီး ပြတ်ချိန်နှင့် လာချိန် ပုံမှန်အတိုင်းဖြစ်ပြီး ဆင်ခြေဖုံးမြို့နယ်များထက် လျှပ်စစ်မီးပိုမိုရရှိနေကြောင်း သိရသည်။
“ မနက်စာ မီးမလာလို့ ချက်မရလို့ ဝယ်စားရင် ပိုက်ဆံပိုကုန်တယ်။မီးသွေးနဲ့ချက်ရအောင်လည်း နေကတော်တော်ကိုပူတာ။မီးလာရင် ရေအရင်တင်ရတယ်။ခက်တာက အကုန်လုံးဝိုင်းဆွဲတော့ (လျှပ်စစ်မီးအသုံးပြုကာ ရေတင်ခြင်း)ရေက မတက်တော့ဘူး။အချိန်တော်တော်စောင့်ရတယ်။ မော်တာလောင်တာတွေလည်းဖြစ်တယ်”ယနေ့ လှုပ်ရှားမှုတွင်ပါဝင်သည့် ပြည်သူတစ်ဦးက ပြောသည်။
ယနေ့ လှုပ်ရှားမှုကို ပြည်သူများနှင့်အတူ တော်လှန်ရေးအင်အားစု လေးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ကြောင်း သိရသည်။