ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ဘဏ်များအားလုံး တစ်လနီးပါးကြာသည်အထိ ပြန်လည်ဖွင့်လှစ်နိုင်ခြင်းမရှိသေးကြောင်း ဘဏ်ဝန်ထမ်းအချို့နှင့် ဒေသခံများထံမှ သိရသည်။
လက်ရှိအချိန်ထိ ဝန်ထမ်းများအား မည်သည့်အချိန်တွင် ဘဏ်များပြန်လည်ဖွင့်လှစ်မည်ကို အကြောင်းပြန်ခြင်းမရှိသေးကြာင်း ပုဂ္ဂလိကဘဏ်တစ်ခုဖြစ်သည့် KBZ ဘဏ်ဝန်ထမ်းတစ်ဦးက ဆိုသည်။
“သူတို့ရုံးချုပ်ကနေပြီး သက်ဆိုင်ရာမန်နေဂျာတွေကို ဆက်သွယ်ပြီးမှ ပြန်ပြောမယ်ပဲပြောတယ်၊ အခုထိ အလုပ်လည်းမသွားရဘူး၊ နားနေရတယ်၊ လစာက တစ်ဝက်လောက်ပဲပေးတယ်၊ မန်နေဂျာနဲ့ရုံးချုပ်ကတော့ သူတို့ဟာသူတို့ အဆက်အသွယ်ရှိတယ်၊ အောက်က အငယ်တွေကိုသာ ဘာမှမပြောတာ”ဟု အထက်ပါဘဏ်ဝန်ထမ်းက MPA ကိုပြောသည်။
ငွေလွှဲ၊ ငွေထုတ်ခြင်း လုပ်ငန်းများနှင့် ပတ်သက်၍ ထပ်မံမေးမြန်းကြည့်ရာတွင် ၎င်းက “ အဲ့ကိစ္စက သူတို့မန်နေဂျာတွေနဲ့ ညှိကြမယ်ထင်တယ်၊ သူတို့အကြီးပိုင်းတွေပဲ သူတို့ဘာသာလုပ်နေကြတာ၊ ကိုယ်တွေက အဲ့ဒါမျိုးလည်း ဘာမှမသိရဘူး”ဟု ဆိုသည်။
အချို့ဒေသခံများအနေဖြင့်လည်း ဘဏ်များတွင် အပ်ထားသည့်ငွေများ ဆုံးရှုံးမည်ကိုစိုးရိမ်နေကြပြီး အချို့မှာလည်း အခြားနေရာ၌ သွားရောက်ထုတ်ယူကြကြောင်း ဒေသခံအချို့၏ ပြောပြချက်အရ သိရသည်။
“အခုထိတော့ ပြန်မဖွင့်သေးဘူး၊ ဘဏ်မှာစာတွေဘာတွေ ကပ်ထားတာလည်းမရှိဘူး၊ ဘယ်လိုအခြေအနေတွေ ဖြစ်မှန်းလည်းမသိရဘူး။ အန်တီက ရန်ကုန်က မိတ်ဆွေတစ်ယောက်အကူအညီနဲ့ ပိုက်ဆံတွေရအောင် ထုတ်လိုက်တယ်၊ အဆုံးတော့မခံနိုင်ဘူး၊ အခြေအနေက ဘာမှန်းမသိဘူး”ဟု မြဝတီမြို့တွင် နေထိုင်သည့် မြို့ခံတစ်ဦးက ဆိုသည်။
KNLA ဦးဆောင်သော တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား ပြီးခဲ့သည့် ဧပြီလ အတွင်းက တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် မြဝတီမြို့ရှိဘဏ်များ၊ ရွှေဆိုင်များ၊ ဈေးဆိုင်များ ဧပြီ ၉ ရက်မှစတင်ကာ ယာယီပိတ်ထားခဲ့ရပြီး ဘဏ်များမှလွဲ၍ အခြားဆိုင်များမှာ ပုံမှန်အတိုင်းပြန်လည် လည်ပတ်နေပြီဖြစ်ကြောင်း မြဝတီမြို့ပေါ်တွင်နေထိုင်သည့် မြို့မိမြို့ဖများထံမှ သိရသည်။