ကချင်ပြည်နယ်အတွင်းရှိ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ခုနှစ်ခုကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းမြစ်ထံမှ သိရသည်။
၂၀၂၄ခုနှစ်၊ ဧပြီ ၇ရက်၊ နံနက် ၅နာရီခန့်မှစတင်ကာ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို KIA က တပြိုင်နက် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဗန်းမော်မြို့နယ်၊ ဗန်းမော် – ရွှေကူကားလမ်းမ၊ စင်းခန်းကျေးရွာရှိ စင်းခန်းဧရာဝတီမြစ်ကူးတံတားစောင့် စခန်း၊ စင်းခန်းကျေးရွာရဲစခန်းနှင့် တာဝါတိုင်စခန်းတို့ကို မနက် ၇ နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့သည်။
“ စင်းခန်းရွာတစ်ခုလုံးကို သိမ်းထားနိုင်ပြီ၊ ကျန်တဲ့စခန်းတွေကို ဆက်ပြီး တိုက်နေတယ်။ ဗန်းမော်ပဲ ကျန်တော့တယ်။ ဗန်းမော်မြို့အစွန်က အောင်ပြည်သာရွာထဲမှာလည်း လက်နက်ကြီးကျလို့ ထိခိုက်သူရှိပေမဲ့ အသေးစိတ်မသိရသေးဘူး” ဟု စစ်ရေးသတင်းရင်းမြစ်က MPA သို့ ပြောသည်။
အလားတူ ဧပြီ ၇ရက်၊ မနက် ၁၁ နာရီခန့်တွင်လည်း မံစီမြို့နယ်ရှိ မံစီမြို့မရဲစခန်းကို KIAက သိမ်းပိုက်နိုင်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
“ မံစီရဲစခန်းကို သိမ်းနိုင်တယ်။ လက်နက်တွေလည်း ရတယ်။ မံစီနားက စစ်ကောင်စီတပ်စခန်းတွေကိုလည်း ဆက်လက် တိုက်ခိုက်နေပါတယ်” ဟု မံစီဒေသခံတစ်ဦးက ဆိုသည်။
ထို့ပြင် မိုးမောက်မြို့နယ်၌ ကျန်ရှိနေသေးသည့် ခမရ ၄၃၇ တပ်ကို သိမ်းပိုက်နိုင်ရန်အတွက် ဧပြီ ၇ရက်၊ မနက် ၆ နာရီမှစ၍ KIA က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး၊ မြို့တွင်း၌ တိုက်ပွဲဖြစ်ပွားနေကြောင်း သိရသည်။
“ အရင်လတွေကတည်းက မိုးမောက်အထက်ဘက်က KIA၊ အောက်ဘက်က စစ်တပ်နေရာယူထားတာ၊ အခုမနက်လည်း အစောကြီးကတည်းက မြို့ထဲကို လေယာဥ်နဲ့ လာကြဲတယ်။ မရှောင်ထားတဲ့သူတွေလည်း တကွဲတပြားပြေးနေကြရပြီ” ဟု မိုးမောက်မြို့နယ်မှ အမည်မဖော်လိုသူ အမျိုးသားတစ်ဦးက ပြောသည်။
လက်ရှိအချိန်ထိ အဆိုပါ မြို့နယ် သုံးခုတွင် တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီး ထိခိုက်သေဆုံးမှုများနှင့် ပက်သက်၍ MPA အနေဖြင့် ဆက်လက်စုံစမ်းလျက်ရှိသည်။
၂၀၂၄ခုနှစ်၊ မတ် ၇ရက်စ၍ လက်ရှိအချိန်ထိ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်း ၁၀၀ ကျော်ကို KIA က သိမ်းပိုက်ထားနိုင်ပြီဖြစ်သည်။