မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ အောင်ချမ်းသာကျေးရွာအနီး တပ်စွဲထားသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးကြဲခဲ့ရာ လေးဦးသေဆုံးခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းလေး (NPDF) က သတင်းထုတ်ပြန်သည်။
မေလ ငါးရက်၊ ညနေ လေးနာရီဝန်းကျင်တွင် နွားထိုးကြီးမြို့နယ်၊အောင်ချမ်းသာကျေးရွာအနီး အင်အား ၂၅ ဦးဝန်းကျင်ဖြင့် အထိုင်ချတပ်စွဲထားသည့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“အောင်ချမ်းသာရွာနားက ကြက်ခြံမှာ သူတို့က တပ်စွဲထားတာ။အဲ့ဒါကို ကျတော်တို့က ဗုံးသီး သွားချတာ။ကျတော်တို့ ဗုံးသီးချတော့ မိုးပေါ်ထောင်ဖောက်တာလောက်ပဲရှိတယ်”ဟု မြင်းခြံခရိုင် တပ်ရင်းလေး မှ ရဲဘော် တစ်ဦးက MPA သို့ ပြောသည်။
ယင်းတိုက်ခိုက်မှုအတွင်း သေဆုံးသွားသည့် စစ်သားအလောင်းများကို တံတားဦးမြို့နယ်၊သိန္နီကန် တိုက်နယ်ဆေးရုံသို့ သယ်ဆောင်သွားကြောင်းသိရသည်။
ယင်းစစ်တပ်သည် အောင်ချမ်းသာရွာအပြင်ရှိ ကြက်ခြံ၌ တပ်စွဲထားသည်မှာ ခြောက်လခန့်သာ ရှိသေးကြောင်း သိရသည်။
“မနေ့ကတော့ သေနတ်သံတွေကြားတယ်။ညဘက်တော့ ပစ်တာခတ်တာမျိုး မကြားမိဘူး”ဟု နွားထိုးကြီးမြို့ခံတစ်ဦး ကပြောသည်။
မေလသုံးရက်၊ နံနက် ၁၀ နာရီခွဲခန့်ကလည်း မြစ်သားမြို့နယ်၊ရစ်ကန်ကျေးရွာရှိ တာဝါတိုင်စောင့် စစ်သားများကို ဒရုန်းဖြင့် ဗုံးသီး လေးလုံးချတိုက်ခိုက်ခဲ့ရာ စစ်သား တစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း မြင်းခြံခရိုင်တပ်ရင်းလေး ကထုတ်ပြန်ထားသေးသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။