မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း လယ်ယာမြေနှင့် ရော်ဘာခြံအရောင်းအဝယ်ပြုလုပ်ရာတွင် ကျေးရွာအုပ်ချုပ်ရေးမှူးများကို လိုင်းကြေးပေးနေရကြောင်း သိရသည်။
ရွာအုပ်ချုပ်ရေးမှူးတို့မှာ ကျေးရွာလယ်ယာမြေ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဌများဖြစ်ပြီး အရောင်းအဝယ် ပြုလုပ်ရာတွင် ၎င်းတို့လက်မှတ်ထိုးပေးမှသာ မြေစာရင်းဌာန၌ ပိုင်ရှင်အမည်ပြောင်း၍ရသော ကြောင့် လိုင်းကြေးပေးရခြင်းဖြစ်ကြောင်း ချောင်းဆုံမြို့အုပ်ချုပ်ရေးအသိုင်းအဝိုင်းထံက သိရသည်။
“အခုလို လယ်သိမ်းပြီးတဲ့အချိန်မှာ အရောင်းအဝယ်ဖြစ်ကြတယ်။ထိုင်းမှာ အလုပ် အဆင်ပြေနေတဲ့ သူတွေက လယ်နဲ့ ရော်ဘာခြံဝယ်ကြတာ”ဟု ချောင်းဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းတစ်ဦးက MPA သို့ပြောသည်။
ရော်ဘာခြံအရောင်းအဝယ်ဆိုလျှင် ဈေးအနည်း၊အများအလိုက် ကျပ်၁၀သိန်းမှ သိန်း၅၀ အထိ လိုင်း ကြေးပေးရပြီး လယ်မြေဆိုပါက ရောင်းသည့်ဈေး၏ ငါးရာခိုင်နှုန်းပေးရကြောင်း သိရသည်။
“ကျတော်တို့ဆီမှာ မုဒွန်းရွာအုပ်ကြီး လုပ်နေတဲ့ ကြံ့ဖွတ်ရွှေမိုး(ပြည်ခိုင်ဖြိုးပါတီဝင်)ဆို နာမည် ကြီးပဲ။ကျတော်တို့ဘက်ခြမ်းတွေက အရောင်းအဝယ်ဖြစ်ကြတော့ ဒီကောင်တွေ ထောနေရောပဲ”ဟု ချောင်းဆုံမြို့နယ်၊ရွာလွတ်ရွာနေ ပြည်သူတစ်ဦးကပြောသည်။
လက်ရှိ ရော်ဘာခြံတစ်ဧက ပေါက်ဈေးမှာ ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိပြီး ရွာနှင့်နီးပါက ဈေးပိုများကြောင်း သိရသည်။
လယ်မြေ တစ်ဧက ပေါက်ဈေးမှာ ရွာနှင့်နီးလျှင် ကျပ်သိန်း ၆၀ မှ သိန်း ၁၀၀ ကျော်အထိ ရှိပြီး ရွာနှင့်ဝေးပါက ကျပ်သိန်း၂၀ ဝန်းကျင်ရှိကြောင်း ချောင်ဆုံမြို့အုပ်ချုပ်ရေးဝန်ထမ်းကပြောသည်။
“အခုနောက်ပိုင်း ရွာနဲ့ နီးတဲ့ ရော်ဘာခြံတို့ လယ်တို့ကို ပိုင်ရှင်တွေက အကွက်ရိုက်ရောင်းကြတယ်။ ဝယ်တဲ့သူတွေက လူနေဖို့ ဝယ်ကြတာ”ဟု ၎င်းက ဆက်လက်ပြောသည်။
လက်ရှိတွင် မုဒွန်း၊ကမာမို၊ကွမ်ရိုက်နှင့်ဒရယ်ရွာ ဝန်းကျင်ရှိ လယ်မြေများ အရောင်းအဝယ်ဖြစ်နေ ကြောင်း သိရသည်။