ရန်ကုန်မြို့တွင် ပစ်ခတ်မှုနှင့် ပေါက်ကွဲမှုများ အချိန်မရွေး ဖြစ်ပွားနိုင်သဖြင့် ပြည်သူများသတိရှိကြရန် Together Urban Forceက ဆိုသည်။
ရန်ကုန်မြို့အခြေစိုက် စစ်သားများနှင့် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့များကို မေလ ငါးရက်မှစတင်၍ ခပ်စိပ်စိပ်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း Together Urban Force ၏ စစ်ရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ လက်ရှိမြို့ပြအခြေအနေဟာဆိုရင် စကစ ဆိုသည်မှာလည်း နေရာတိုင်းမှာ ရှိနေတာမို့ အချိန်မရွေးပေါက်ကွဲမှု၊တိုက်ခိုက်မှုမျိုးတွေ ဖြစ်လာနိုင်တာမို့ စကစထောက်တိုင်နဲ့ အုပ်ချူပ်ရေး နေရာတွေနဲ့ ဝေးဝေးနေစေချင်ပါတယ်။ တော်လှန်ရေးဟာ အဆုံးသတ်တော့မှာမို့ အားတင်းပြီး မပြီးဆုံးသေးတာကိုလည်း သတိကပ်စေချင်ပါတယ်” ဟု ၎င်းက MPAသို့ ပြောသည်။
Together Urban Force သည်ရန်ကုန်မြို့ရှိ စစ်ကောင်စီ ထောက်တိုင် စီးပွားရေးများနှင့် အုပ်ချူပ်ရေးယန္တရားများကိုအဓိကထားတိုက်ခိုက်ခဲ့ပြီး ဖမ်းဆီးခံရသူမရှိကြောင်း သိရသည်။
“ လုံခြုံရေးကတော့ တော်တော်ကို ကျပ်ပါတယ်။ ဒီကြားထဲကပဲကျွန်တော်တို့ သေချာစီစဉ်ပြီး အဓိကက ပြည်သူပေါ့။ပြည်သူ ပူးပေါင်းပါ၀င်မှုနဲ့ကျတော်တို့ရဲ့ တော်လှန်ရေး သုံးနှစ် တာကာလအတွင်းမှာသင်ကြားမှု၊ တိုက်ခိုက်ရေးတွေပေါင်းပြီးဆောင်ရွတ်ရတာပါပဲ” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တွင် စစ်ကောင်စီတပ်က အရပ်ဝတ်ဖြင့်ပါ လုံခြုံရေးယူလျက်ရှိပြီး အိမ်စီးကားများဖြင့် ရှောင်တခင် စစ်ဆေးဖမ်းဆီးခြင်းများ ရှိနေကြောင်း စမ်းချောင်းPDFတပ်ဖွဲ့ဝင် ရဲဘော် Black Ice က ပြောသည်။
“ သူတို့အင်အားချိနဲ့ လာတဲ့အပေါ်မှာ ယူနီဖောင်းအစား အရပ်ဝတ်တွေ ပိုသုံးလာတယ်။ နောက် တစ်ခုက ကင်းကားတွေနဲ့ဆို တိုက်ခိုက်ခံရတာတွေရှိတော့ အိမ်စီးကားတွေသုံးလာကြတယ်” ဟု ၎င်းက ပြောသည်။
ထို့ကြောင့် ပြည်သူနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ခွဲခြားရခက်လာကြောင်း ၎င်းကဆိုသည်။
မေလခြောက်ရက်၊ ညနေလေးနာရီခွဲခန့်က မြောက်ဒဂုံမြို့နယ် ၊၃၂ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုများ ရှိကြောင်း Together Urban Froce အဖွဲ့က ထုတ်ပြန်ထားသည်။