ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်း ၁၀ ခုထက်မနည်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က သိမ်းပိုက်နိုင်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ဝိုင်းမော်မြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို မေ ၃ ရက်၊ ညနေပိုင်းတွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ၊ ယမန်နေ့ (မေ ၅ ရက်) တွင် ခမရ ၄၃၈ လက်အောက်ခံ ငါးဂျန့်ပင်မတပ်စခန်း၊ ဆမား၊ ဂဂမ်၊ ပုန်းလိန်၊ အူခိုင်ခက်၊ ရှန်ခေါင်တောင်နှင့် ကာကင်းစခန်းများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
“ ဂဂမ်၊ ဆမားနဲ့ ဂီဒွန်တပ်စခန်းတွေက ဆက်တိုက်ရှိနေတာ၊ တစ်ခုနဲ့ တစ်ခုက အရမ်းမဝေးဘူး။ ဆမားတပ်စခန်းကနေလည်း လက်နက်တွေ သိမ်းဆည်းရမိတာရှိတယ်၊ တိုက်ပွဲစဖြစ်တဲ့နေ့ကတည်းက လေယာဥ်တွေလည်း လာတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က MPA ကို ပြောသည်။
ထို့ပြင် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလမှစ၍ စစ်ကောင်စီတပ်က သိမ်းယူထားပြီး ၇ နှစ်ကျော်ကြာ ဆုံးရှုံးခဲ့ရသည့် ဂီဒွန်တပ်စခန်းကိုလည်း ယနေ့ (မေ ၆ ရက်)၊ နံနက်ပိုင်းတွင် ပြန်လည်သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများအတွင်း တပ်စခန်းများ လက်မလွှတ်ရရေးအတွက် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု၍ ခုခံတိုက်ခိုက်မှုများကြောင့် ဝိုင်းမော်မြို့နယ်ရှိ ရွှေညောင်ပင်၊ အောင်မြေ ၁၊ အောင်မြေ ၂၊ စန်းကောင်းကျေးနှင့် မြစ်ကြီးနားမြို့နယ်၊ တာလောကြီးကျေးရွာရှိ ဒေသခံပြည်သူ ၅,၀၀၀ ခန့်မှာ စစ်ဘေးရှောင်နေကြရကြောင်း သိရသည်။
“ တောတောင်ထဲမှာ ရှောင်ကြတာပေါ့၊ တချို့ကလည်း ကိုယ့်အသိတွေရှိတဲ့ မြို့တွေကိုပြောင်းကြတယ်။ ရာသီဥတုကလည်းဆိုးတော့ အနေအထိုင်ကတော့ ခက်ခဲတာပေါ့” ဟု အောင်မြေ ၂ ကျေးရွာတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။
လက်ရှိ ကချင်ပြည်နယ်အတွင်းရှိ စစ်ကောင်စီတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး၊ ဖားကန့်၊ မံစီ၊ မိုးမောက်နှင့် ဗန်းမော်မြို့နယ်များတွင်လည်း နှစ်ဖက်တပ်ဖွဲ့များကြား စစ်ရေးတင်းမာလျက်ရှိသည်။