မကွေးတိုင်း၊မြိုင်မြို့နယ်အတွင်း စစ်သားများတင်ဆောင်လာသော ကား သုံးစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Earthquake Peoples Defense Force
အဖွဲ့ထံက သိရသည်။
ပခုက္ကူမြို့နယ်၊ အင်ပင်ကျေးရွာ မှမြိုင်မြို့နယ်ဘက်သို့ထွက်လာသည့် စစ်သား အင်အား ၃၀ ဝန်းကျင်ပါဖောကားတစ်စီးနှင့် အိမ်စီးကားနှစ်စီးကို မေလ ၁၉ရက်နေ့၊မွန်းလွဲ ၂နာရီခန့်တွင် ပဒေသာမိုင်း ၁၂လုံးနှင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု Earthquake Peoples Defense Force အဖွဲ့မှသတင်းနှင့်ပြန်ကြားရေးတာဝန်ခံကိုပိန်ကပြောသည်။
“ သူတို့ဘက်ကအင်ပင်ကျေးရွာမှာတပ်စွဲထားတဲ့စစ်သားတွေကိုကျနော်တို့ ဒရုန်းနဲ့အီနာဂါ ချတယ်။
စစ်သားနှစ် ယောက်ထိခိုက်ဒဏ်ရာရပြီးသေတယ်လို့ အတွင်းသတင်းရတယ်။ ပြီးတော့သူတို့ကျနော်တို့ဘက်လာတဲ့အချိန်မှာကျနော်တို့မိုင်းဆွဲတိုက်ခိုက်ခဲ့တာ” ဟုကိုပိန်ကပြောသည်။
မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်သားများက လက်နက်ငယ်ဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သော်လည်း တိုက်ပွဲဝင် PDF ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာနိုင်ခဲ့ကြောင်းသိရသည်။
မိုင်းထိပြီးနောက် ကားချက်ချင်းမထွက်နိုင်ဘဲ အချိန်အတန်ကြာမှ ပခုက္ကူဘက်သို့ထွက်ခွာသွားကြောင်းသိရသည်။
မိုင်းဆွဲတိုက်ခိုက်ခံရသည့် စစ်ကောင်စီတပ်သားများသေဆုံး၊ထိခိုက်မှုရှိ၊မရှိ အသေးစိတ်ကို မသိရသေးပေ။
ပခုက္ကူမြို့နယ်၊အင်ပင်ကျေးရွာတွင် တပ်စွဲထားသည့်စစ်ကောင်စီတပ်သားများကို မေလ ၁၇ရက်နေ့၊ညနေ ၃နာရီ ခန့်ကလည်း ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးခဲ့ကြောင်း Earthquake Peoples Defense Force ကထုတ်ပြန်သည်။
စစ်သားများသေဆုံးမှုကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။