အကြောင်းအမျိုးမျိုးကြောင့် ရပ်နားထားသည့် မိုင်းနှင့် လက်နက်ကြီးကျည်ထုတ်လုပ်မှုများကို ပြန်လည်စတင်နေပြီဖြစ်ကြောင်း နေပြည်တော် ပကဖ စစ်ရေးတာဝန်ခံကပြောသည်။
ပြီးခဲ့သည့် မေလ ၁၂ရက်နေ့မှစတင်ကာ မိုင်းနှင့် လက်နက်ကြီးကျည်ထုတ်လုပ်မှုကို ၆လကျော်ကြာ ရပ်နားထားခဲ့ရာမှ ယခု ပြန်လည် ပြုလုပ်နေပြီဖြစ်ကြောင်း နေပြည်တော် ပကဖ စစ်ရေးတာဝန်ခံ ဗိုလ်တေဇကပြောသည်။
“ အခုက အခြေအနေအကြောင်းကြောင်းတွေကြောင့် နားထားရတာပေါ့။နေပြည်တော် ပ.က.ဖ က ထုပ်လုပ်ရေးတွေကို အခုအချိန်မှာ ပြန်လည် လည်ပတ်နေပါပြီ” ဟု ၎င်းက ပြောသည်။
ဗိုလ်တေဇဦးစီးသည့် နေပြည်တော် ပကဖ လက်နက်ထုတ်လုပ်ရေးသည် ၄၀ (မမ)၊၈၀(မမ)နှင့် ၁၂၀(မမ) တာဝေးပစ်ကျည်များကို ကုန်ကျစရိတ်နည်းစွာဖြင့် ထုတ်လုပ်နိုင်ခဲ့ပြီး မိုးဗြဲတိုက်ပွဲနှင့် တိုက်ပွဲကြီး သုံးခုထက်မနည်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များကို အထိနာစေသည်အထိ စွမ်းဆောင်ရည်ကောင်းခဲ့သည်။
ကရင်နီတော်လှန်ရေးအင်အားစု(KRU)အပါအဝင်တော်လှန်ရေးတပ်ဖွဲ့ ၅ဖွဲ့ ထံ လက်နက်ကြီးထုတ်လုပ်မှု နည်းပညာများဖြန့်ဝေပေးထားပြီးဖြစ်ကြောင်း ဗိုလ်တေဇက ပြောသည်။
“ ကျွန်တော်တို့အရင်က အများကြီးထုတ်လုပ်နိုင်ခဲ့တယ်။တော်လှန်ရေးတပ်ဖွဲ့တွေထံလည်း နည်းပညာတွေ မျှဝေနိုင်ခဲ့ပါတယ်။အခြေအနေအကြောင်းအမျိုးအမျိုးရှိလို့သာ ရပ်နားခဲ့တာပါ။ ဆွဲမိုင်း၊နင်းမိုင်းနဲ့ တိုက်မိုင်းတွေကိုလည်း ပြန်လည်ထုတ်လုပ်သွားမှာပါ” ဟု ၎င်းက ဆိုသည်။ မိုင်းနှင့်ကျည်ဆန် ထုတ်လုပ်ရေးအတွက် လိုအပ်သည့်ကုန်ကြမ်းများဝယ်ယူနိုင်ရေးအတွက် ပြည်သူများအနေဖြင့် ဝိုင်းဝန်းကူညီပေးကြရန် မေတ္တာရပ်ခံကြောင်း၎င်း က ဆက်လက်ပြောသည်။