မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်တွင် စစ်ကြောင်းထိုးရန်ထွက်လာ သော စစ်သားများကို KNLA၊PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ ၃ ဦးသေဆုံးကြောင်း Kyaikhto Revolution Force ကထုတ်ပြန်ထားသည်။
မေလ ၁၈ ရက်၊ နံနက် ၇ နာရီ ၁၀ မိနစ်ခန့်တွင် ဘီးလင်းမြို့နယ်၊မဲလံဘက်မှ ဆင်းလာသော အင်အား ၁၀၀ ဝန်းကျင်ရှိ စစ်သားများနှင့် နယ်ခြားရွာအနီး၌ ၁၂ မိနစ်ကြာတိုက်ပွဲဖြစ်ပွားခဲ့သည်။
“သေတဲ့စစ်သားကို ဘယ်ပို့တယ်ဆိုတာတော့ ကျနော်တို့လည်း မသိရဘူးဗျ။တိုက်ပွဲက အပြန်အလှန်ပစ်ခတ်တာ ၁၂ မိနစ်ကြာတယ်။တိုက်ပွဲဖြစ်တဲ့နေရာမှာ ခဏစခန်းချတယ်လို့သိရတယ်။အဲ့ကနေ လက်နက်ကြီးနဲ့ရမ်းပစ်တော့ အရပ်သား တစ်ဦးသေဆုံးသွားတယ်”ဟု KRF တာဝန်ခံကပြောသည်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်ရာ နယ်ခြားရွာမှ အသက် ၄၀ ဝန်းကျင်ရှိ အမျိုးသမီး တစ်ဦး ကျည်ထိမှန်သေဆုံးခဲ့သည်။
စစ်ကောင်စီတပ်သည် ညနေ ၄ နာရီခန့်တွင်လည်း ကျိုက်ထိုမြို့နယ်၊ငှက်ပျောတောကျေးရွာဘက်သို့ လက်နက်ကြီးဖြင့် ရမ်းသန်း ပစ်ခတ်ခဲ့သေးကြောင်းသိရသည်။
စစ်သားများသေဆုံးခြင်းကို MPA အနေနှင့် သီးခြားအတည်မပြုနိုင်ပေ။
မေလ ၁၆ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်က ဘီးလင်းမြို့နယ်ရှိ စစ်သားများ တပ်စွဲထားသော နတ်ကြီးစခန်းကို KNLA၊PDFပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။