စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်တွင်မိုခါမုန်တိုင်းကြောင့် ပြည်သူများ ရေဘေးသင့်ခဲ့ပြီး စားနပ်ရိက္ခာ၊သောက်သုံးရေသန့်နှင့် အဝတ်အထည်များလိုအပ်နေကြောင်းယင်းမာပင်မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ထံမှ သိရသည်။
အဆိုပါ ယင်းမာပင်မြို့နယ်ရှိ ကျေးရွာ၂ ရွာမှရေဘေးသင့်ပြည်သူ အိမ်ခြေ ၆၁၀ အတွက် အညာပစ်တိုင်းထောင်လေးများအဖွဲ့၊ Western Chindwin Association (WCA) အဖွဲ့နှင့် Beyond The Chindwin Organization(BCO) အဖွဲ့တို့ပူးပေါင်း၍ စားသောက်ကုန်များ လှူဒါန်းပေးခဲ့ကြောင်းအညာပစ်တိုင်းထောင်လေးများအဖွဲ့ထံက သိရသည်။
“ ရေဘေးသင့်ပြည်သူတွေအနေနဲ့အခက်ခဲတွေရှိနေပါတယ်။ အိမ်တွေမှာ နုံးတွေ ပို့နေတာကြောင့်အိမ်ရှင်းလင်းရေးလုပ်ဖို့ အချိန်ယူနေရပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ပြောသည်။
မိုခါမုန်တိုင်းကြောင့် ယင်းမာပင်မြို့နယ်ရှိယမားချောင်းရေလျှံတက်ခြင်းဖြစ်ပေါ်ခဲ့ကာ ကျေးရွာအများအပြားရေနစ်မြုပ်ခဲ့ပြီးကျေးရွာများမှ ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့ခြင်းဖြစ်သည်။
“ ပျက်စီးမှုအနေနဲ့အိမ်သုံးပရိဘောဂ တော်တော်များများ ပျက်စီးတယ်ဗျ။ လက်ရှိအခြေအနေကတော့စားသောက်ရေးအတွက် ထမင်းထုပ်လိုအပ်နေပါတယ်” ဟု အညာပစ်တိုင်းထောင်လေးများအဖွဲ့ဦးဆောင်သူက ဆက်ပြောသည်။
ထိုသို့ ကျေးရွာများ ရေနစ်မြုပ်ခဲ့ခြင်းကြောင့် တောင်သူလယ်သမားများ၏ စိုက်ခင်းများနှင့်မွေးမြူရေးတိရိစ္ဆာန်များရေနစ်မြုပ်ဆုံးရှုံးခဲ့ရကြောင်းလည်း သိရှိရသည်။
NUG ၏လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနမှမိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် စစ်ကိုင်းတိုင်းအတွင်းအရေးပေါ်စားနပ်ရိက္ခာလိုအပ်ချက်ကို ဖြည့်ဆည်းပေးရန်အတွက် ထောက်ပံ့ငွေ ၁၃,၄၅၀,၀၀၀ ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ကြေညာထားသည်။