ရန်ကုန်တွင် အပြစ်မဲ့ပြည်သူများကို ဖမ်းဆီးမှု ပြန်လည်များလာကြောင်း စမ်းချောင်းပင်မသပိတ်စစ်ကြောင်း ဒုဥက္ကဌက ပြောသည်။
မေလ ၁၂ရက်နေ့မှ စတင်ကာ စစ်ကောင်စီက ရန်ကုန်မြို့တော်အတွင်းရှိ အပြစ်မဲ့ပြည်သူများကို ရှောင်တခင်ဖမ်းဆီး စစ်ဆေးမှုများရှိလာကြောင်း ၎င်းက ပြောသည်။
“ ဒီတစ်ပတ်အတွင်းပဲ ဖမ်းဆီးလာတာပါ။ကြားရတဲ့ သတင်းတွေကတော့ ရန်ကုန်တစ်တိုင်းလုံးမှာ ဖမ်းဆီးခံထားရသူ ၃၀လောက်ရှိပြီ။နောက်ဆုံးကြားထားတာပေါ့။အဲ့ထဲက ၆ဦးကတော့ ပြန်လည်လွတ်မြောက်လာပါပြီ။ပြီးတော့ ဖမ်းဆီးခံထားရတဲ့ ၃၀ထဲမှာ တစ်ဦးက ပစ်သတ်ခံရတယ်လို့ကြားတယ်။သေချာတော့ အတည်မပြုနိုင်သေးဘူး။ဘယ်မြို့နယ်ကလည်း ဆိုတာကအစပေါ့” ဟု ၎င်းကပြောသည်။
အပြစ်မဲ့ပြည်သူ ၃၀ ဖမ်းဆီးခံရသည့်မြို့နယ်နှင့်ဖမ်းဆီးသည့်အကြောင်းရင်းကို တိတိကျကျမသိသေးကြောင်း များသောအားဖြင့် ညဘက်တွင် ဝင်ရောက် ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။
“ စမ်းချောင်းမှာဆို ညဘက်တွေဝင်ပြီး ဖမ်းဆီးတာရှိတယ်။အခု စမ်းချောင်းမှာ ဖမ်းခံထားရသူက ၆ဦးရှိတယ်” ဟု ၎င်းကပြောသည်။
မေလ ၁၇ရက်နေ့က စမ်းချောင်းမြို့နယ်၊ရှမ်းလမ်းမှတ်တိုင်အနီးတွင် ဗုံး၅လုံးတွေ့ရှိသည်ဟုဆိုကာ စစ်ကောင်စီတပ်က လမ်းသွားလမ်းလာများအား စစ်ဆေးခဲ့ကြောင်း သရက်တောလမ်းနေ ပြည်သူတစ်ဦးကပြောသည်။
“ ရှမ်းလမ်းမှတ်တိုင်နားမှာ ဗုံးတွေ့တယ်ဆိုပြီး စစ်တာ။ဖမ်းတာတော့ မရှိပါဘူး။အနီးအနားကသွားတဲ့လူတွေရဲ့ အိတ်တွေစစ်တာတော့ရှိတယ်။ပြီးတော့ ဂွဈေးနားလာပြီး CCTVတွေစစ်တယ်။ညရောက်တော့ မင်း လမ်း ထဲမှာ ဧည့်စာရင်းဝင်စစ်တယ်” ဟု ၎င်းကပြောသည်။ လက်ရှိတွင် ရန်ကုန်၌ အဖမ်းအဆီးစိပ်လာသဖြင့် ဘေးကင်းလုံခြုံမည်ထင်သောအရပ်သို့ ပြောင်းရွှေ့နေနေရကြောင်း ရန်ကုန်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။