ကယား(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများကြောင့် စစ်ဘေးရှောင် ပြည်သူဦးရေ တစ်သောင်းကျော်အထိ ရှိလာကြောင်း သိရသည်။
မေလ ၁၅ရက်နေ့မှစပြီး ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းရှိ ရွာများကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် မြေပြင်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းတို့ကြောင့် ဒေသခံပြည်သူများ နေရပ်စွန့်ခွာ ထွက်ပြေးနေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။
“ ဒီးမော့ဆို အရှေ့ခြမ်းက ရွာကြီးတွေအလိုက်ဆိုတော့ သောင်းဂဏန်းအထိတွေပါအစ်ကို။လက်ရှိတော့ ကြားညှပ်နေတယ်။တချို့က အရဲစွန့်ပြီး လွိုင်ကော်ပြေးကြတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ်နှင့် ဒေသအခြေစိုက် KNDFတပ်ဖွဲ့တို့ကြားဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဘောလခဲမြို့နယ်ဘက်သွားသည့် လမ်းပိုင်းများ ပျက်စီးနေပြီး စစ်ကောင်စီဘက်ကလည်း လမ်းဖြတ်သန်းခွင့် ပိတ်ထားကြောင်း သိရသည်။
“ ဘောလခဲခရိုင်ကို ဆက်သွယ်တဲ့လမ်းက တစ်လမ်းပဲကျန်တော့တာ။ ကျန်တဲ့လမ်းတွေက နှစ်ဘက်ထိတွေ့တိုက်ပွဲတွေကြောင့် လမ်းတံတားတွေပျက်စီး ကုန်ပြီ။သူ့ဘက်ကိုယ့်ဘက်လမ်းပိတ်လိုက်ကြတော့ အခုကျန်တဲ့လမ်းလေးကလည်း စစ်တပ်ကထိန်းထားတော့ ကားတွေမဖြတ်ရဘူး။ကားသိမ်းတယ်၊လူဖမ်းတယ်ဆိုတော့ စစ်ဘေးရှောင်တွေအနေနဲ့ ဘေးလွတ်ရာမှာပဲ နေနေကြရတယ်” ဟု ၎င်းကပြောသည်။
ယနေ့နံနက် ၆နာရီ ခွဲမှစတင်ပြီး ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်း တစ်နေရာ၌ စစ်ကောင်စီတပ်နှင့် KNDFတပ်ဖွဲ့တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားလျက်ရှိကြောင်း KNDFတပ်ရင်းထံက သိရသည်။
မေလ ၁၈ရက်နေ့ကလည်း စစ်ကောင်စီတပ်က ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာနှင့်ဖဲလျားကျေးရွာတို့ကို လေကြောင်းမှ ပစ်ခတ်ကာ လက်နက်ကြီးဖြင့်လည်း ပစ်သဖြင့် လူသေဆုံးမှုများရှိကာ စာသင်ကျောင်း ၁ကျောင်းနှင့် နေအိမ် ငါးလုံး ထိခိုက်ပျက်စီးခဲ့သည်။