ပြည်သူတို့၏ကားများကို လမ်းမပေါ်တက်ပြီး အခွန်ကောက်ခံသော အဖွဲ့ဝင်များရှိလာပါက ပြင်းထန်စွာအရေးယူသွားမည်ဟု Black Eagle Defence Force – MMU က ယနေ့ ထုတ်ပြန်လိုက်သည်။
Black Eagle Defence Force – MMUသည် စတင်ဖွဲ့စည်းချိန်မှစ၍ ယနေ့အချိန်ထိ လမ်းမပေါ်တက်၍ ပြည်သူ့ကားများကို တားဆီးစစ်ဆေး အခွန်ကောက်ခံခြင်းနှင့်ဖမ်းဆီးခြင်းများ မပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
“ ကျွန်တော်တို့ Black Eagle အဖွဲ့ဝင်တွေ အနေနဲ့ NUG ရဲ့ အခွန်ကောက်ခံပိုင်ခွင့်ရှိတဲ့ ဌာနကအကူအညီမတောင်းဘဲ ကိုယ့်စိတ်နဲ့ကိုယ် အခွန်ကောက်တယ်ဆိုရင် ကျနော်တို့အဖွဲ့ဝင်တွေကို အရေးယူမှာပါ” ဟု Black Eagle Defence Force-MMU တာဝန်ခံ ဗိုလ်စံရှားက ပြောသည်။
စစ်ကောင်စီက မြေပြင်ဝေဟင်နှစ်ခုမှ တိုက်နေသော်လည်း အမျိုးသားညီညွတ်ရေး အစိုးရ (NUG)၏ တော်လှန်ရေးအင်အားစုများက ဒေသတစ်ချို့ကို ထိန်းချုပ်ထားနိုင်ခဲ့ကာ အခွန်ကောက်ခြင်း အပါအဝင် ပြည်သူ့အုပ်ချုပ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။
NUGအစိုးရ အနေဖြင့် အခွန်ဥပဒေပြဋ္ဌာန်းကောက်ခံသည့် ၂ နှစ်တာကာလအတွင်း ကျပ်ငွေ ၃ ဘီလီယံခန့် ကောက်ခံနိုင်ခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။
“ ကျွန်တော်တို့ Black Eagleအဖွဲ့ဝင်တွေအနေနဲ့ ခွင့်ပြုချက်မရှိဘဲ လုပ်ရင် ကျွန်တော်တို့ အရေးယူမှာဆိုပေမယ့် ကျန်တဲ့ ကာကွယ်ရေးအဖွဲ့တွေကတော့ NUGအစိုးရရဲ့ ဌာနဆိုင်ရာတွေကပဲ ဆုံးဖြတ်ပိုင်ခွင့်ရှိမှာပါ” ဟု ဗိုလ်စံရှားက ပြောသည်။
သက်ဆိုင်ရာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များသာမက ဒေသကာကွယ်ရေးတပ်ဖွဲ့ (LDF)များပါ အခွန်ကောက်လာသဖြင့် ပြည်သူများမှာ ၂ထပ်ကွမ်း အခွန်ပေးဆောင်ရပြီး တော်လှန်ရေး လက်နက်ကိုင်အဖွဲ့များအကြားလည်း အခွန်ကောက်ခံမှုနှင့် အခွန်ခွဲဝေမှု ကိစ္စရပ်များ၌ အငြင်းပွားမှုများ ရှိလာကြောင်း သိရသည်။
“ ကျွန်တော်တို့ မနက်က အခွန်ကောက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ထုတ်ပြန်ချက်ထုတ်ထားတယ်။ ဒီလိုထုတ်ရတာက လမ်းပေါ်တက်အခွန်ကောက်နေတာ ကျွန်တော်တို့အဖွဲ့မဟုတ်ဘူးဆိုတာ ပြည်သူတွေကိုချပြတာပါ။ ကျွန်တော်တို့အဖွဲ့က ပြည်တွင်းပြည်ပအလှူရှင်တွေရဲ့ လှူဒါန်မှုနဲ့ပဲ တော်လှန်ရေးလုပ်နေတယ်ဆိုတာ ပြည်သူကိုချပြတာပါ” ဟု ဗိုလ်စံရှားက ပြောသည်။
NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေနှင့် ပ.က.ဖ၊တပ်ရင်းတပ်ဖွဲ့နှင့် LPDFများကို အခွန်ကောက်ခံခြင်းမပြုလုပ်ရန်အကြောင်းကြားထားသောကြောင့် Black Eagle Defence Force-MMU ကာကွယ်ရေးတပ်ဖွဲ့အနေဖြင့် အစိုးရမူဝါဒအတိုင်းလိုက်နာခြင်းဖြစ်သည်ဟု ဆိုသည်။
တရားဝင် အခွန်ကောက်ပိုင်ခွင့်ရှိသည့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ အခွန်ဌာနကအခွန်ကောက်ခံရန် လိုအပ်၍ လုံခြုံရေးယူ လိုက်ပါပေးရန် အကူအညီတောင်းစာထုတ်လာပါက Black Eagle Defence Force-MMU တပ်ဖွဲ့ဝင်များက လိုက်ပါကူညီမည်ဖြစ်ကြောင်း သိရသည်။