၂၀၂၃ ခုနှစ်၊ မေလ ၇ ရက်နေ့မှ ၁၂ ရက်နေ့အတွင်း ဆိုင်ကလုန်းမုန်တိုင်းနှင့် မုန်တိုင်းငယ် ဝင်ရောက်နိုင်ကြောင်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ကြိုတင်ခန့်မှန်းထားကြပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စခန်းများသည်လည်း မိုးရာသီမတိုင်မီနှင့် စခန်းအတွင်း ကြိုတင်ပြင်ဆင်မွမ်းမံခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း MPA ၏ သတင်းရင်းမြစ်ထံမှ သိရသည်။
“ အမိုးတွေက မိုးမလုံတော့ မိုးရာသီမရောက်ခင် ကျွန်တော်တို့စခန်းအတွင်းက ဘားတိုက်တွေကို အမိုးတွေပြန်မိုးနေရတယ်။ ယာယီတစ်မိုးလုံစာပါပဲ။ တပ်ကအမြဲ အပြောင်းအရွေ့လုပ်နေရတာဆိုတော့” ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း မိုးများသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းများ ပြင်းထန်စွာတိုက်ခတ်ခဲ့သည့်အတွက် သစ်ပင်များကျိုးကျခဲ့၍ စခန်းအတွင်းရှိ ဘားတိုက်များ၊ တဲများ၊ ဂိုဒေါင်အမိုးများ လွှင့်ထွက်ကုန်ကြောင်း PDF ရဲဘော်တစ်ဦးက ဆက်လက်အသိပေးသည်။
“ မိုးတွင်းကတော့ အစစအရာရာခက်ခဲတယ်။ မိုးများလေ့ရှိတဲ့ ကရင်ပြည်နယ်မှာက ကြိုတင်ပြင်ဆင်ထားမှ မဟုတ်ရင် သွားရလာရ၊ ဝယ်ရခြမ်းရတာ ခက်ခဲလို့ ရဲဘော်တွေ အနည်းနဲ့အများ ဒုက္ခရောက်ကြရတယ်။ မနှစ် မိုးတွင်းတုန်းက တစ်ပတ်လောက် မိုးသဲကြီးမဲကြီးဆက်တိုက်ရွာပြီဆို မြစ်၊ ချောင်းတွေ ရေလျှံပြီး တံတားတွေပါ ကျိုးကျတဲ့အထိဖြစ်ခဲ့တယ်” ဟု ရဲဘော်တစ်ဦးက ပြောသည်။
ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စခန်းများအနေဖြင့် ယခုလို မိုးမကျခင်ကာလ ကတည်းကပင် မိုးရာသီအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေကြခြင်းဖြစ်သည်။
ယခုနှစ် ၂၀၂၃ ခုနှစ်၊ ဇွန်လ၊ ဇူလိုင်လနှင့် သြဂုတ်လများတွင် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းဒေသများ၌ မိုးရွာသွန်းမြဲထက် ၂ ဆ ပိုမိုရွာသွန်းနိုင်ပြီး မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင်မူ မိုးရွာသွန်းမြဲထက် ၃ ဆ ပိုမိုရွာသွန်းနိုင်ကြောင်းလည်း မိုးလေဝသ စောင့်ကြည့်လေ့လာသူများက ကြိုတင်ခန့်မှန်းထားကြသည်။