တော်လှန်ရေးကာလ ကြာလာသည်နှင့်အမျှ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ တပ်ရင်းတပ်ဖွဲ့အသီးသီးတွင် အလှူရှင်များနည်းပါးလာပြီး ဘဏ္ဍာရေးအခက်အခဲရှိလာသည့်အတွက် တော်လှန်ထီများရောင်းချ၍ ဘဏ္ဍာငွေရှာလာရသည့် တပ်ရင်းတပ်ဖွဲ့ ပိုမိုများပြားလာကြောင်း စုံစမ်းသိရရှိသည်။
“မပေါက်ရင်လှူ၊ ပေါက်ရင်ယူပေါ့ဗျာ။ ဒီအတိုင်းကြီး အလှူခံရတာလည်း အားနာလာပြီဗျ။ ပြည်သူတွေခက်ခဲနေတာလည်း ကျနော်တို့သိပါတယ်”ဟု တော်လှန်ထီရောင်းနေသည့် မြိုင်မြို့နယ်အတွင်းမှ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက MPA သို့ ပြောသည်။
တော်လှန်ထီမရောင်းသည့် အဖွဲ့များမှာလည်း မဲဖောက်ခြင်းများ၊ ကမ်ပိန်းများပြုလုပ်၍ ဘဏ္ဍာငွေရှာဖွေနေကြရသည်ဟုသိရပြီး အလှူငွေနည်းပါးလာသည်နှင့်အမျှ စစ်ရေးလှုပ်ရှားမှုများ နည်းပါးလာရသည်ဟု ဆိုသည်။
“အရီးတို့ကတော့ ဘယ်အဖွဲ့လာလာ ထိုးတယ်။ ဒီလတောင် ၂ ဖွဲ့ရှိပြီ ထိုးထားတာ။ ပေါက်ပါစေလို့ မမျှော်ပါဘူး။ လှူတယ်လို့ပဲ သဘေားထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီ၏ မကြာခဏစစ်ကြောင်းထိုးနေသည့်အတွက် ပြေးလွှားနေရခြင်း၊ နေအိမ်များမီးရှို့ခံနေရခြင်းတို့ကြောင့် စီးပွားရေး တဖြည်းဖြည်းကျပ်တည်းလာသည်ဟု ဆိုသည်။
“အခုအချိန်က ရွာတွေမှာ အလုပ်မယ်မယ်ရမရှိဘူးလေ။ ဒီတော့ ဖားကန့်တို့၊ ရေနံမှော်တို့ သွားအလုပ်လုပ်ကြရတယ်။ ခေတ်က မကောင်းတော့ တောင်သူအလုပ်ကလည်း ကျောလုံလုံနဲ့ လုပ်မရဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။
မြိုင်မြို့နယ်နှင့် ပုလဲမြို့နယ်တို့တွင် တော်လှန်ထီရောင်းသည့် တပ်ရင်း များပြားလာပြီး မြိုင်မြို့နယ်အား ထီမြို့နယ်ဟုပင် ပြည်သူများကစနောက်ခေါ်ဝေါ်နေကြကြောင်း စုံစမ်းသိရှိရသည်။