မကွေးတိုင်း၊ပခုက္ကူ မနှင့် ကမ္မမြို့နယ်ကြားတွင် စစ်ကောင်စီတပ်ရိက္ခာတင် ၁၂ဘီးယာဉ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရရှိကြောင်း မြိုင်(ပကဖ)က သတင်းထုတ်ပြန်ထားသည်။
မေလ ၄ ရက်နေ့၊ ညနေ ၅နာရီဝန်းကျင်တွင် ပခုက္ကူ ကန်တော်ရွာနှင့် ကမ္မမြို့နယ် ညောင်ဂျစ်ပင်ရွာ ကြား၌ ရှေ့ထွက်မိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
“ညောင်ဂျစ်ပင်ရွာနားမှာ မိုင်းဆွဲတာ။သေတဲ့သူနဲ့ဒဏ်ရာရသူတွေကို ညောင်ဂျစ်ပင်မှာပဲထားခဲ့တာ။ အဲ့ဒီမှာ စစ်ကောင်စီ ဆေးတပ်ဖွဲ့နဲ့ကင်းပုန်းတွေရှိတယ်။သူတို့ လာသယ်သွားတာ။ကားက ပခုက္ကူဘက်ပြန်လှည့်သွားတယ်”ဟု မြိုင်(ပကဖ)တပ်ရင်း-၁ မှ ဗိုလ်လက်ယာကပြောသည်။
ယင်းရိက္ခာတင် ၁၂ဘီးယာဉ်ပေါ်တွင် စစ်သား၁၂ဦး လိုက်ပါလာကြောင်းသိရသည်။
အလားတူ မေ၄ရက်နေ့၊ နံနက် ၁၁ နာရီဝန်းကျင်ကလည်း ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာကြားတွင် စစ်ကောင်စီကားကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၃ ဦးဒဏ်ရာရရှိခဲ့သေးသည်။
စစ်သားများထိခိုက်သေဆုံးမှုကို MPA အနေဖြင့်သီခြားအတည်မပြုနိုင်ပေ။