ကယားပြည်နယ် (ကရင်နီ) နယ်စပ်၊ ဖယ်ခုံမြို့နယ် မိုးဗြဲအနောက်ဘက်ရှိ ကျေးရွာများကို ယနေ့ မေလ ၅ ရက်နေ့ နံနက်အစောပိုင်းတွင် ဂျက်ဖိုင်တာ ၂ စီးဖြင့် လာရောက်ကာ ဗုံးများ ဆက်တိုက် ကြဲချခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီဘက်မှ ကင်းထောက်ဒရုန်းများသည် ဧပြီလကုန်ပိုင်းလောက်မှ စတင်ကာ ကျေးရွာများဘက်တွင် ဝဲကာ ကင်းထောက်နေခဲ့ခြင်း ဖြစ်ပြီး ယနေ့ နံနက်အစောပိုင်း နံနက် လေးနာရီခန့်တွင် ဂျက်ဖိုက်တာ နှစ်စီးဖြင့် ဖယ်ခုံအနောက်ဘက်ခြမ်းရှိ ရီနွှဲ့ကျေးရွာကို ဗုံး သုံးကြိမ် ကြဲချ တိုက်ခိုက်ခဲ့ပြီး နောက်ထပ် နံနက် ၅ နာရီမှ ၆ နာရီခွဲအချိန်အထိလည်း တောင်စလုံးကျေးရွာသို့ ဂျက်ဖိုက်တာ နှစ်စီးဖြင့် ပေါက် ၅၀၀ ဗုံးနှင့် ဒုံးကျည်များ ၁၆ ထက်မနည်း ကြဲချကာ စက်သေနတ်များဖြင့် ၄ ကြိမ် ပစ်ခတ်ခဲ့ကြောင်း သိရှိရသည်။
**ဗုံးကြဲသွားတဲ့ နေရာမှာ စစ်ဘေးရှောင်အချို့လည်း ရှိတယ်။ အဲ့ဒီအသံတွေကြောင့် ပြည်သူ ၂ ဦးမှာ မျက်စိနဲ့ နားတွေကနေ သွေးတွေယိုစီးချပြီး ဒဏ်ရာတွေ ရရှိခဲ့တယ်။ နောက်ပြီး ပြည်သူ့နေအိမ် ၃၁ လုံးကျော် ပျက်စီးခဲ့တယ်။** ဟု KNDF- ကရင်နီ အမျိုးသားကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးမှ အတည်ပြုပြောကြားသည်။
ညနေ ၃ နာရီခွဲကျော်အချိန်ခန့်တွင် ထပ်မံကာ ဂျက်ဖိုက်တာ ၂ စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့် အပြင် ဖယ်ခုံဘက်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်နေမှုများ ရှိသည်ဟု စုံစမ်းသိရှိရသည်။