မကွေးတိုင်း၊ရေစကြိုမြို့ပေါ်ရှိ စစ်ကောင်စီတပ်အခြေစိုက်ရာ စုပေါင်းရုံးကို PDFရဲဘော်၂ဦး သွားရောက်ပစ်ခတ်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးကြောင်းသိရသည်။
ဧပြီလ ၄ ရက်၊ ညနေ ၅နာရီခွဲခန့်တွင် အမှတ်(၂)စည်ပင်သာယာရပ်ကွက်ရှိ စုပေါင်းရုံး(အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန)မှ စစ်သားများကို ပြောက်ကျားနည်းဗျူဟာစနစ်ဖြင့် ရဲဘော် ၂ ဦးက သွားရောက်ပစ်ခတ်ခဲ့ကြောင်း Myingyan Black Tiger ကထုတ်ပြန်ထားသည်။
“ကျနော်တို့ ရဲဘော် ၂ ယောက်တည်းကပဲသွားပစ်တာ။ရုံးနားထိ ကပ်နိုင်သလောက်ကပ်ပြီးပစ်ခဲ့တာ။သေနတ်တွေ ဖွက်ပြီးသယ်သွားတာ။စုပေါင်းရုံးကတင် ပစ်တာမဟုတ်ဘူး။ ငြိမ်းဇာနည်စခန်းကပါ စစ်ကူလာပြီး ၂ ဖက်ညှပ်ပစ်တော့ ကျနော်တို့ရဲဘော်တွေလည်း ဘယ်ကိုပစ်ရမှန်းမသိတော့ဘူး။ကျနော်တို့ပြန်ဆုတ်လာတယ်။၆၀ မမ တွေနဲ့ပါပစ်တာ။ရပ်ကွက်ထဲထိလိုက်ပစ်တာ။စစ်သား ၁ ယောက်သေတယ်လို့ ဖရဲသီးသတင်းအရသိရတယ်”ဟု Myingyan Black Tiger မှ တာဝန်ခံ ဗိုလ်မိုက်ခဲ ကပြောသည်။
စစ်သား၁ဦးသေဆုံးမှုကို MPA အနေဖြင့်သီးခြားအတည်မပြုနိုင်ပေ။
ဧပြီလ ၂၀ ရက်နေ့ကလည်း ရေစကြိုမြို့ပေါ်ရှိစစ်ကောင်စီတပ် အခြေစိုက်ရာ စုပေါင်းရုံးနှင့်ငြိမ်းဇာနည်စစ်မှုထမ်းဟောင်းရုံးကို Myingyan Black Tiger နှင့်မဟာမိတ်တပ်ဖွဲ့များမှ တစ်ပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ပြီး ၁၁ ဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။