ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း ငါးပစ်ခြင်း၊ အမဲလိုက်ခြင်းများမပြုလုပ်ကြရန် Chin Defence Force (Mindat) က ယနေ့ နံနက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
“ တိုက်နယ်အမှတ် ၄ က မင်းတပ်မြို့နဲ့ ကန်ပက်လက်မြို့ ကြားမှာရှိပြီး မြို့နဲ့နီးတယ်။ ဒါကြောင့် သေနတ်ပစ်တဲ့ အသံတွေကြားရတာလည်းပါမယ်။ မြေပြင်သတင်းရတာတွေလည်း ရှိနိုင်တာမို့ ခဏခဏ လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်တာတွေရှိပါတယ်” ဟု CDF (Mindat) ၏ တာဝန်ရှိသူတစ်ဦးက MPA သို့ရှင်းပြသည်။
မင်းတပ်မြို့နယ်အတွင်းရှိ၊ တိုက်နယ် (၄) ချီချောင်းတစ်လျှောက်တွင် နေ့ခင်းဘက်နှင့် ညအချိန်များမှာပါ ငါးပစ်ခြင်း၊ အမဲလိုက်ထွက်ခြင်းများပြုလုပ်နေကြသည်ကို တွေ့လာရသည့်အတွက် မင်းတပ်မြို့ ခလရ (၂၇၄) ရှိ စစ်ကောင်စီတပ်များမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ဆက်လက်ပြုလုပ်လာနိုင်သောကြောင့် ယခုကဲ့သို့ အသိပေးထုတ်ပြန်ရခြင်းဖြစ်သည်ဟု ဆိုသည်။
“အမဲလိုက်တာကတော့ ငါတို့ရိုးရာပဲလေ။ ဒီလိုကြိုတင်သတိပေးထားတော့ ကောင်းတာပေါ့”ဟု ဒေသခံတစ်ဦးက MPA သို့ ပြောသည်။
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဧပြီလအတွင်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ၁၉ ကြိမ်အထိရှိခဲ့ပြီး အရပ်သားပြည်သူ ၃ ဦး အသက်ဆုံးရှုံး၍ ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သတင်းထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဘာသာရေးအဆောက်အအုံ ၂ လုံး၊ စာသင်ကျောင်းဆောင် ၁ လုံးနှင့် လူနေအိမ် ၁၁ လုံးလည်း ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု ဆိုသည်။