စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ မန္တလေး-မုံရွာလမ်းပေါ်တွင် စစ်ယာဥ်တန်းကိုသန်းခေါင်ယံအချိန် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း People’s Knight Defense Force-Myinmu ကထုတ်ပြန်သည်။
ဒီနေ့ ၊နံနက်၁ နာရီဝန်းကျင်တွင် စစ်ကိုင်းမှ မုံရွာသို့ဦးတည်ထွက်ခွာလာသော စစ်ကား ၃ စီးကို မြင်းမူမြို့နယ်၊ဝမ်းပြည့်ကျေးရွာနှင့်အလ္လကပ္ပရွာကြားတွင် မိုင်းပွိုင့် ၂ ပွိုင့် ဖြင့်မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
“စစ်ကား ၃ စီးမှာ အင်အားအပြည့်ပဲ။ ကျနော်တို့ သတင်းရလို့ ကြိုတင်စီစဥ်ထားတာ။မိုင်းပွိုင့် ၂ ပွိုင့်မှာ မိုင်း ၆ လုံးဆွဲတာ။၃ လုံးကွဲတယ်။ပထမ ဆုံးထွက်လာတဲ့ကားက ပထမ မိုင်းပွိုင့်မှာ ထိတယ်။ကားက ချက်ချင်းထိုးရပ်သွားတယ်။ဒုတိယကားက မိုင်းကွင်းပေါ်မရောက်လို့ လွှတ်ပေးလိုက်တယ်။တတိယ နောက်ဆုံးကား က ဒုတိယမိုင်းပွိုင့်ပေါ်ရောက်ချိန်ထပ်ဆွဲလိုက်တာ။သူတို့က ကားပေါ်ကဆင်းပြီး ကျနော်တို့ရှိနိုင်မဲ့နေရာတွေကို ၅ မိနစ်လောက်ပစ်သေးတယ်။ပစ်ပြီးတော့ မုံရွာဘက်ကို ဆက်မောင်းသွားတယ်။ည အချိန်ဖြစ်နေတော့ သတင်းက ထောက်လို့မရတာရယ် အန္တရာယ်များတာရယ်ကြောင့် သေချာမသိရဘူး”ဟု People’s Knight Defense Force-Myinmu မှတာဝန်ခံ ဗိုလ်အေးချမ်းကပြောသည်။
ပထမဆုံးကားကို ထိထိမိမိမိုင်းထိမှန်ခဲ့ပြီး ဒုတိယမိုင်းပွိုင့်တွင် တတိယမြောက်စစ်ကား ထိမှန်ခဲ့သဖြင့် သေဆုံးထိခိုက်မှုများရှိနိုင်ကြောင်း ၎င်းကပြောသည်။
အဆိုပါမိုင်းဆွဲတိုက်ခိုက်မှုကို People’s Knight Defense Force-Myinmu၊Dog Killers Defense Force-MMUနှင့် D.B.B.F-MMUတို့ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်သည်။
မန္တလေး-မုံရွာလမ်းပိုင်း၊မြင်းမူမြို့နယ်၊ ဝမ်းပြည့်ရွာနှင့်အလ္လကပ္ပရွာကြားတွင် စစ်ကောင်စီကားများ မကြာခဏဆိုသလို မိုင်းဆွဲခံနေရသည်။