ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီးပေါ်တွင် အရှိန်လွန်၍ လမ်းဘေးဘောင်ကို တိုက်မိကာ ယင်းအခြေအနေကြောင့် ယာဥ်ပေါ်ပါလာသူ ငါးဦးထဲမှ အမျိုးသမီး ၁ ဦးသေဆုံးသွားကြောင်း မဟော်သဓာလူမှုကူညီရေးအသင်းထံမှသိရှိရသည်။
ဧပြီလ ၂၈ ရက် ယမန်နေ့ ည ၁၀ နာရီ မိနစ် ၄၀ အချိန်ခန့် ရှုခင်းသာလမ်းမကြီး waterboom မှတ်တိုင် မရောက်ခင်တွင် Maza Rx8 အမျိုးအစားကားသည် အရှိန်မထိန်းနိုင်ပဲ လမ်းဘေးဘောင်ကို တိုက်မိကာ မတော်တဆမှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည့်အတွက် သွားရောက်ကူညီပေးခဲ့ကြောင်း သိရသည်။
“ ကားကလေ အခင်းဖြစ်တဲ့နေရာ မရောက်ခင်အထိ အရှိန်နဲ့မောင်းလာတာ waterboom ကွေ့ရောက်တော့ အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးဘောင်တွေကို တိုက်မိသွားတာ။ ကားက အရှိန်လွန်ပြီး ဘရိတ်ဖမ်းတဲ့အချိန် စလစ်ဖြစ်ပြီး probox ကားကိုတိုက်မိသလို ဖြစ်သွားတာပေါ့ တဖက်ကကားရောလူရောကတော့ ဘာမှတော့မဖြစ်သွားဘူး” ဟုဆက်လက်၍ပြောကြားသည်။
ယင်းယာဉ်မတော်တဆဖြစ်ပြီး မိနစ် ၃၀ ခန့်အကြာမှ ကားပေါ်တွင်ပါလာသော အသက် ၃၀ ခန့် အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၃ ဦးတို့ကို ကားထဲမှကယ်ထုတ်ခဲ့ကြောင်း သိရှိရသည်။
ယင်းတို့ထဲမှ အသက် ၃၀ အရွယ် အမျိုးသမီး ၁ ဦးမှာ ပြင်းထန်ဒဏ်ရာရကာ သေဆုံးသွားပြီး ကျန်ထိခိုက်ဒဏ်ရာရသူများကို ပရဟိတလူမှုကူညီရေးအသင်းကားများဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ကြောင်း သိရှိရသည်။