မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့တွင် လျှပ်စစ်မီး တစ်ရက်လျှင် ၃ နာရီခန့်သာပေးနေသောကြောင့် အိမ်များတွင် လျှပ်စစ်မီးအစားထိုး ဆိုလာစနစ်ကို ပိုမိုအသုံးပြုလာသည်ဟု ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
” သင်္ကြန်မတိုင်ခင် မီတာခလိုက်ကောက်နေချိန်ကဆိုရင် ဆိုလာတွေ တော်တော်ရောင်းရတယ်။ အခုတော့ နည်းနည်းပါးသွားတယ်” ဟု မိုးကုတ်မြို့ရှိ လျှပ်စစ်ပစ္စည်းဆိုင်ရှင်တစ်ဦးက ရှင်းပြသည်။
လျှပ်စစ်မီး တစ်ရက်လျှင် ၃ နာရီခန့်သာ ရနေသည့်အတွက်ကြောင့် မိုးကုတ်ဒေသခံများအနေဖြင့် လျှပ်စစ်မီးကို အားကိုးမရဘဲ ဆိုလာစနစ်ကိုသာ ပိုမိုသုံးစွဲနေရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
” အရင်က မီတာခမပေးခင်တုန်းက မီးလာသေးတယ်။ မီတာခလည်း ဆောင်( ပေး ) လိုက်တော့ မီးမလာတော့ဘူး ” ဟု မိုးကုတ်မြို့ရှိ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပြသည်။
လက်ရှိတွင် ဆိုလာကို ပိုက်ဆံတတ်နိုင်သည့် လူကုန်ထံ ရပ်ကွက်တိုင်းလိုလို ဝယ်ယူသုံးစွဲမှုများရှိနေသော်လည်း ပိုက်ဆံမတတ်နိုင်သည့် ပြည်သူများအနေဖြင့် ဖယောင်းတိုင်မီးကိုသာ အားကိုးအသုံးပြုနေရသည်ဟု သိရှိရသည်။
” ဆိုလာကလည်း အခုချိန်စျေးကြီးတယ်။ ဝယ်မသုံးနိုင်ဘူး။ ပိုက်ဆံရှိတဲ့ သူပဲဝယ်သုံးတာများတယ်။ ဒို့လို လူလတ်တန်းစားကတော့ ဖယောင်းတိုင်ပဲ သုံးရတယ်” ဟု ဒေသခံတစ်ဦးက ရှင်းပြသည်။
ဆိုလာဘက်ထရီသည် ဝပ် (၂၀) ဆိုလျှင် မီးသီးလေးလုံးထွန်းနိုင်ပြီး သုံးနာရီခန့် အထွန်းခံသည်ဟု ဆိုသည်။ တန်ဖိုးအနေဖြင့် ၃ သိန်း ကျော်ခန့် ကုန်ကျမည်ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။
ဆိုလာတန်ကြေးအနေဖြင့် စျေးသိပ်မကြီးသော်လည်း ၎င်းနှင့် ဆက်စပ်အသုံးပြုရသည့် ဘက်ထရီအိုး၏ တန်ကြေးသည် စျေးကြီးသဖြင့် ဘက်ထရီအိုး ဝပ် (၄၀) ဆိုလျှင် ကြာကြာအထွန်းခံသော်လည်း စျေးပိုကြီးသည်ဟု မိုးကုတ်မြို့ရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များထံမှ သိရှိရသည်။