စစ်ကောင်စီက အမျိုးသားများ ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့်ကို မေ ၁ ရက်မှစတင်၍ ယာယီဆိုင်းငံ့လိုက်ပြီဆိုသည့်သတင်းများထွက်ပေါ်လျက်ရှိပြီး ပြည်ပထွက်ခွာရန်ပြင်ဆင်နေသည့် လူငယ်များ ပြည်ပထွက်ခွာခွင့်မရမည်ကို စိုးရိမ်ပူပန်မှုမြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
“ ကျတော် အစက အေဂျင်စီနဲ့ ချိတ်ထားတယ်။ ပြီးတော့ အလုပ်က သိပ်အဆင်မပြေတာနဲ့ အလည်အပတ်ပက်စ်ပို့စ် (PV)ပြောင်းပြီးထွက်မလို့ ကျွန်တော့် အလုပ်ပက်စ်ပို့စ် (PJ) ဆိုတော့လေ။ အခုကျတော့ ဒီလိုသတင်းတွေထွက်လာတော့ PV ချိန်းမရမှာလဲ စိုးရိမ်မိတယ်။ ရုတ်တရက်ကြီးသူတို့က PV ချိန်းခွင့်ပါမပေးတော့မှာကိုပေါ့။ စောစောစီးစီးပြောင်းပြီး ထွက်ဖို့လုပ်နေတယ်။ သူတို့ PV တွေကိုပါ ထွက်ခွင့်ပိတ်လိုက်ရင် ကျွန်တော်တို့ ပိုတိုင်ပတ်သွားနိုင်တယ်” ဟု ပြည်ပထွက်ခွာအလုပ်လုပ်ရန်ပြင်ဆင်နေသည့် လူငယ်တစ်ဦးက MPA ကိုပြောသည်။
စစ်ကောင်စီက အမျိုးသားများအား ပြည်ပထွက်ခွာ အလုပ်လုပ်ခွင့် ဆိုင်းငံ့ခြင်းနှင့်စပ်လျဉ်း၍ ယနေ့အထိ တရားဝင်ထုတ်ဖော်ပြောကြားခြင်းမရှိသော်သော်လည်း လွန်ခဲ့သည့် တစ်လခန့်မှစ၍ MOU (နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာအရ တရားဝင်လုပ်သားစေလွှတ်ခြင်း) အား ဆိုင်းငံ့ထားကြောင်းလည်း စုံစမ်းသိရသည်။
” MOU တွေ ပိတ်တာပါ။ MOU ပိတ်ထားတာ တစ်လလောက်ရှိနေပြီ။ ခုမှ အပြင်ကို သတင်းပြန့်တာ။ လက်ရှိ MOU တွေကို ပိတ်လိုက်တယ်ဆိုတာက ပြောရရင် နှစ်နိုင်ငံနဲ့ပတ်သက်ပြီး စာချုပ်ချုပ်ထားတဲ့ဟာတွေကို pending (ဆိုင်းငံ့)လုပ်လိုက်တာပေါ့။ လက်ရှိကတော့ PJ စာအုပ်တွေ၊ OWIC ကဒ် ရှိရင် Flight နဲ့ထွက်လို့ရပါတယ်။ PV ကတော့ အေးဆေးပါ” ဟု ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတစ်ခုမှ အမျိုးသားတစ်ဦးကဆိုသည်။
ယခုမေ ၁ ရက်မှစ၍ မည်သည့်နိုင်ငံမဆို အလုပ်ခေါ်စာ တင်သည့်သူများအနေဖြင့် ပြည်ပထွက်ခွာဆိုင်းငံ့မှုထဲတွင်အကျုံးဝင်မည်ဖြစ်ပြီး ခွင့်ပြုချက်ကျပြီးသားသူများအနေဖြင့်မူ ဆိုင်းငံ့မှုထဲတွင် မပါဝင်ကြောင်း စစ်ကောင်စီခန့် အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွှန့်ဝင်းက Myanmar Now ကို ဖြေကြားထားသည်။
“ သတင်းတွေကတော့ တက်လာပြီ။ သူတို့ (စစ်ကောင်စီ) သတင်းမှာတော့ မကြေညာသေးဘူး။ အတိအကျ ထုတ်ပြန်ရင်တော့ နောက်ပိုင်း PV – Passport for Visit တွေပါ,ပါလာမှာထင်တယ်။ ဘယ်တော့စမလဲတော့ မသိသေးဘူး။ အခြေအနေက မြန်ရင်လဲမြန်မှာ အခုက စစ်မှုထမ်းဥပဒေကြောင့် နိုင်ငံခြားထွက်တဲ့သူက များနေတော့လေ” ဟု ရန်ကုန်မြို့တွင်နေထိုင်သည့် လူငယ်တစ်ဦးကဆိုသည်။
ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက စစ်မှုထမ်းဥပဒေကို ထုတ်ပြန်ပြီးနောက် လူငယ်အများစုမှာ နီးစပ်ရာ PDF တပ်ရင်း၊ တပ်ဖွဲ့များထံသို့ ဝင်ရောက်နေကြသလို အိမ်နီးချင်းနိုင်ငံများသို့လည်း ပုံစံမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။
လက်ရှိတွင်လည်း စစ်ကောင်စီက စစ်မှုထမ်း ပထမအသုတ်ကို စစ်သင်တန်းပေးနေပြီး ဒုတိယအသုတ်အတွက် လူစုဆောင်းရန် မြေပြင်တွင်စတင်ပြင်ဆင်လျက်ရှိသည်။