တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များအကြား ထိတွေ့တိုက်ပွဲများဖြစ်ပွားကာ စစ်ရေးအခြေအနေတင်းမာနေသောကြောင့် ဒေသခံပြည်သူအများအပြား စစ်ဘေးရှောင်နေရပြီး အရေးပေါ်အကူအညီများ လိုအပ်နေကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။
၂၀၂၃ ခုနှစ်၊ ဧပြီလ၊ ၁ ရက်နေ့တွင် စစ်ကောင်စီ၏ ရေဖြူဗျူဟာကုန်းကို ပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုများ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်စစ်ရေးအရှိန် မြင့်တက်လာခဲ့ပြီး လက်ရှိတွင် တနင်္သာရီမြို့နယ်ရှိ ကျေးရွာအုပ်စု ၅ စုမှ ဒေသခံစစ်ဘေးရှောင်ဦးရေ ပိုမိုမြင့်တက်လျက်ရှိကြောင်း သိရသည်။
ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ စုစည်းထားသည့် အချက်အလက်များအရ ယင်းကျေးရွာအုပ်စု ၅ စုမှ အိမ်ထောင်စုပေါင်း ၁,၅၀၀ ကျော်၊ လူဦးရေ ၈,၀၀၀ နီးပါးခန့် စစ်ဘေးရှောင်နေရပြီး အသက် ၁ နှစ်အောက် ကလေးငယ် ၄၀၀ နီးပါး၊ အသက် ၁ နှစ်နှင့် ၅ နှစ်ကြား ကလေးငယ် ၈၀၀ ခန့် ပါဝင်ကြောင်း သိရသည်။
အဆိုပါ ဒေသခံစစ်ဘေးရှောင်ပြည်သူများသည် နီးစပ်ရာကျေးရွာအုပ်စုများသို့ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်လျက်ရှိကြောင်း ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့က ဆိုသည်။
“ စစ်နဲ့ဝေးရာဒေသက ပြည်သူတွေအနေနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီများပေးနိုင်ဖို့ နွေဦးမေတ္တာ-စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့သို့ တိုက်ရိုက်ချိတ်ဆက်လှူဒါန်းနိုင်သလို ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များ အထောက်အကူပြုရေး အဖွဲ့ကိုလည်း ဆက်သွယ်လှူဒါန်းနိုင်ပါတယ်” ဟု ပြောသည်။
ယမန်နေ့တွင်လည်း စစ်ကောင်စီတပ်များက တနင်္သာရီမြို့နယ်၊ ကမ်းတိုရွာမှ ဒေသခံပြည်သူများ၏ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၇ လုံးထက်မနည်း လောင်ကျွမ်းပျက်စီးခဲ့ကာ ကမ်းတိုရွာမှ ပြည်သူများလည်း စစ်ဘေးရှောင်နေရကြောင်း ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။
ယမန့်နေ့၊ နံနက်ပိုင်းတွင် ကမ်းတိုရွာအနီးရှိ ချောင်းညီကိုရွာအနီးတွင် စစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်းလည်း သိရှိရသည်။