အာဆီယံအနေနှင့် မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ရပ်အပေါ် ဆက်လက်ဖက်တွယ်ထားခြင်းသည် မြန်မာပြည်သူတို့၏ အသက်ကို တန်ဖိုးမထားသလိုဖြစ်နေကြောင်း နိုင်ငံရေးသုံးသပ်သူတစ်ဦးက ပြောသည်။
မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မှာ ၂၀၂၁ ခုနှစ်၊ ဧပြီ ၂၄ ရက်နေ့က စတင်ထွက်ပေါ်ခဲ့ပြီး ယနေ့ထိတိုင် စစ်ကောင်စီက ဖော်ဆောင်ခြင်းမရှိရုံတင်မက နေ့စဉ် ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေသော်လည်း အာဆီယံအနေနှင့် မူ ၅ ရပ်အပေါ် ဆက်လက်ဖက်တွယ်ထားဆဲ ဖြစ်ကြောင်း ၎င်းကပြောသည်။
“အခုအာဆီယံဥက္ကဌ အင်ဒိုနီးရှားက ဆက်ပြီးစိတ်ကူးယဉ်ပြန်တယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့တဲ့အချိန်မှာ မူ ၅ ရပ်ကို တရုတ်ထောက်ခံတဲ့အပေါ် ကျေးဇူးတင်ကြောင်း အင်ဒိုနိုင်ငံခြားရေး ဝန်ကြီးက ပြောသွားတယ်။
ဒါပေမဲ့၊ အင်ဒိုအနေနဲ့ မူ ၅ ရပ်ကို အခုထိ ရဲရဲတင်းတင်း ဖော်ဆောင်တာမျိုးလည်း ရှိမနေပြန်ဘူး။ မူ ၅ ရပ်ကို ဖက်တွယ်လွန်းတာဟာ ပကတိဖြစ်နေတာတွေကို မမြင်ချင်ယောင် ဆောင်နေသလို ဖြစ်နေတယ်။ မြန်မာပြည်သူတွေရဲ့အသက်ကို တန်ဖိုးမထားသလို ဖြစ်နေတယ်”ဟု ၎င်းကပြောသည်။
အင်ဒိုနီးရှားနိုင်ငံသို့ ရောက်ရှိနေသော တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ကန်းနှင့် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ရတ်နို မာဆူဒီ တို့ ဖေဖေါ်ဝါရီ ၂၂ ရက်က တွေ့ဆုံစဉ် အင်ဒိုနိုင်ငံခြားရေး ဝန်ကြီးက တရုတ်နိုင်ငံ၏ မူ ၅ ရပ် အပေါ် ထောက်ခံမှုအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။
“အင်ဒိုနီးရှားက အာဆီယံ မူ ၅ ရပ်ကို ဖော်ဆောင်ဖို့ စစ်အုပ်စု မျက်နှာကြည့်နေမှာမဟုတ်ဘူးလို့ ပြောပေမဲ့ ဒီနေ့အထိ မူ ၅ ရပ်ကို အချိန်ကန့်သတ်ချက်နဲ့ ဖော်ဆောင်ဖို့ ၂၀၂၂ အာဆီယံထိပ်သီးမှာ သဘောတူခဲ့တာကို ဘယ်လိုအချိန်ကန့်သတ်မလဲ ဆိုတာ မဆွေးနွေးသေးဘူး။ မြန်မာ့အရေး သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံမယ်ပြောနေပြီး NUG နဲ့တွေ့ဆုံဖို့ ချင့်ချိန်နေတုန်းပဲ။ အဲဒါဟာ စစ်အုပ်စု မျက်နှာ ကြည့်နေတာလားလို့ မေးခွန်းထုတ်ရမယ်”ဟု ၎င်းကပြောသည်။
မြန်မာပြဿနာဖြေရှင်းရေးအတွက် အာဆီယံဘုံသဘောတူညီချက် ၅ ရပ်သည် အာဆီယံ၏ အဓိကရည်မှန်းချက်ဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောကြားခဲ့သလို အင်ဒိုနီးရှားအနေနှင့် အားလုံးပါဝင်သည့် အမျိုးသားအဆင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရေး သက်ဆိုင်သူအားလုံးနှင့် ထိတွေ့ဆက်ဆံသွားမည်ဟုလည်း ဆိုသည်။
“အာဆီယံအလှည့်ကျဥက္ကဌ အင်ဒိုနီးရှားက စစ်အုပ်စုနဲ့ပတ်သက်ပြီး စိတ်မပြတ်သေးတာသေချာတယ်။ အင်ဒိုစစ်ဗိုလ်ချုပ်ဟောင်းကို မြန်မာ့အရေး အာဆီယံအထူးသံတမန်ခန့်ပြီး နေပြည်တော်လွှတ်ပြီး မင်းအောင်လှိုင်ကို ဖျောင်းဖျ ခိုင်းဦးမယ်။ မရတော့မှ ခက်ကြမ်းကြမ်းကိုင်မယ်လို့ မျှော်လင့်မိတယ်”ဟု နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးကသုံးသပ်သည်။
အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အင်ဒိုနီးရှား ဒီမိုကရေစီအသွင်ကူးပြောင်းရေး အတွေ့အ ကြုံကို ရှင်းပြရန် ဗိုလ်ချုပ်ဟောင်း တစ်ဦးဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး Luhut Panjaitan ကို နေပြည်တော်သို့ စေလွှတ်ရန် စီစဉ်ထားကြောင်း ပြောကြားခဲ့ဖူးသည်။