မကွေးတိုင်း၊ဂန့်ဂေါခရိုင် အခြေစိုက် အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu)သို့ ဒေသခံပြည်သူများမှ ရွှေထည်လက်ဝတ်ပစ္စည်းများ ချွတ်၍လှူဒါန်းခဲ့ကြောင်းသိရသည်။ TYFတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးကပြောသည်။
ဇန်နဝါရီ ဒုတိယအပတ်တွင်းက ဂန့်ဂေါခရိုင်ရှိ ဒေသခံပြည်သူ ၅ဦးက နားကပ် နှစ်ရံ၊ဆွဲကြိုး တစ်ကုံး၊လက်ကောက်တစ်ကွင်းနှင့် ရွှေဆံညှပ်တစ်ခုတို့ လှုဒါန်းခဲ့ကြကြောင်း TYFတပ်ဖွဲ့၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံတစ်ဦးက ပြောသည်။
“ လှူတဲ့နေ့က ဒီလရဲ့ ဒုတိယအပတ်ထဲမှာလှူတာပါ။တော်လှန်ရေးအတွက်အထောက်အကူဖြစ်အောင်ဆိုပြီး သူတို့ရဲ့ တန်ဖိုးကြီးပစ္စည်းတွေကိုချွတ်ပေးကြတာ။လှူတဲ့သူတွေထဲမှာ စစ်ကြောင်းထိုးခံရတဲ့ရွာတွေကော အထိုးမခံရတဲ့ရွာတွေကော ပါပါတယ်။ရွှေထည်ပစ္စည်းတန်ဖိုးက ၁၀သိန်းကျော်ရတယ်” ဟု ၎င်းက ေ ပြာသည်။
ဂန့်ဂေါခရိုင်အတွင်းရှိ အထက်ပါရွှေထည် လက်ဝတ်တန်ဆာလှူဒါန်းမှုဖြစ်စဉ်မှာ တတိယအကြိမ်မြောက်ဖြစ်ပြီး ပြည်သူများက ထည့်ဝင်လှူဒါန်းပေးကြသည့် ရွှေထည်ပစ္စည်းများကိုရောင်းချကာ တော်လှန်ရေးအတွက် အကျိုးရှိစွာသုံးစွဲသွားမည် ဖြစ်ကြောင်း ၎င်းက ထပ်မံပြောသည်။
“ ဒီလိုမျိုး ရွှေလှူကြတာက ဒါပါဆို သုံးကြိမ်မြောက်ပါ။ပြီးခဲ့တဲ့ ၂၀၂၂၊၂လပိုင်းတုန်းက CDMအထက်တန်းပြ ကျောင်းဆရာမတစ်ယောက် ဆွဲကြိုးချွတ်ပြီး ပထမဆုံးလှူဖူးတယ်။အခုလိုလှူပေးကြတာဟာ စစ်ကောင်စီကို မြန်မြန်အမြစ်ဖြတ်ချေမှုန်းနိုင်ဖို့အတွက် တော်လှန်ရေးကို အားကောင်းအောင် သူတို့ရဲ့ တန်ဖိုးကြီးပိုင်ဆိုင်မှုတွေကို စတေးကြတာပါ”ဟု၎င်းကဆက်လက်ပြောသည်။
ရွှေထည်လက်ဝတ်တန်ဆာလှူဒါန်းခဲ့သည့် ဒေသခံပြည်သူများက ဂန့်ဂေါခရိုင် အခြေစိုက် အမှတ် (၁၃) တပ်ရင်း The Youth Force (Saw&Kyaukhtu)ပ ရဲဘော်အားလုံးကျန်းမာရေးဂရုစိုက်ကာ ဘေးကင်းစွာနေထိုင်ကြရန် မေတ္တာဖြင့် စကားအမှာပါးခဲ့ကြောင်းလည်း သိရသည်။