၁၉နာရီကြာလောင်နေသည့် Grand Royal စက်ရုံမီး ငြိမ်းပြီဟု မီးသတ်ဆိုသော်လည်း မီးထိန်းနိုင်သည့် အဆင့်သာရှိသေးကြောင်း အခင်းဖြစ်ပွားရာအနီးနေသူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်၊ လိပ်ပုတ်ကျေးရွာအုပ်စု၊အမှတ်(၄) လမ်းမကြီး အနီးရှိ Grand Royal စက်ရုံ မီးလောင်မှုသည် အဆင့် ၃ အနီရောင်အဆင့်ရှိပြီး ယမန်နေ့ မွန်းလွဲ ၃နာရီခန့်မှ စတင်၍ ယခုအချိန်ထိလောင်နေဆဲဖြစ်ကြောင်း သိရသည်။
“ အဲ့စက်ရုံမှာ မီးညွန့်တွေတော့မရှိတော့ဘူး။မနက်၇နာရီခွဲလောက်က မီးထိန်းနိုင်သွားပါပြီ။သေတဲ့သူတွေ ပိတ်မှုသူတွေတော့မရှိပါဘူး။မနက်က မီးသတ်ကားတွေရေမလောက်လို့ ထပ်လာတာတွေ့တယ်။အခုထိ ငြှိမ်းနေတုန်းပဲ။စက်ရုံထဲမှာလောင်နေတုန်းပါ” ဟု၎င်းကပြောသည်။
Grand Royal စက်ရုံမီးလောင်မှုကြောင့် မီးငြိမ်းသတ်နေသည့် မီးသတ်သမား ၁၁ဦး ထိခိုက်ဒဏ်ရာရခဲ့ပြီး ပေါက်ကွဲမှုအရှိန်ကြောင့် ဒဏ်ရာရရသူများနှင့် အပူဟပ်ခံရသူများဖြစ်ကြောင်း MPAက စုံစမ်းသိရသည်။
Grand Royal စက်ရုံမီးလောင်နေမှုကြောင့် စက်ရုံအနီးနေဒေသခံများ ယမန်နေ့ညပိုင်းက ဘေးလွတ်ရာသို့ရှောင်တိမ်းခဲ့ရပြီး ယနေ့နံနက်၆နာရီခန့်က သက်ဆိုင်ရာ နေအိမ်များသို့ ပြန်လည်ရောက်ရှိလာပြီဖြစ်ကြောင်း လိပ်ပုတ်ကျေးရွာနေသူတစ်ဦးကပြောသည်။
“ ညက အားလုံးလန့်နေကြတာ။တကယ်လို့မီးသာ ဓာတ်ဆီဆိုင်ဘက်ကူးရင် သုံးရွာလုံးပြာကျမှာ။အဲ့ဒါမို့ လောင်တာများကတည်းကပြေးကြတာ။ ညီမတို့ရွာနားက သဲကုန်းနဲ့ တောရွာကြီးကလူတွေလည်း အရေးကြီးတဲ့ပစ္စည်းတွေသိမ်းပြီး စောင့်ကြည့်နေရတာပေါ့။အခုတော့ ပူစရာမလိုတော့ပါဘူး” ဟု ၎င်းကဆိုသည်။
လက်ရှိတွင် Grand Royal စက်ရုံအတွင်းရှိနေရာအချို့၌ မီးလောင်နေသေးသဖြင့် မီးသတ်ကားများဖြင့် မီးငြှိမ်းသတ်နေရပြီး မီးထိန်းနိုင်သည့် အဆင့်သာရှိသေးကြောင်း Grand Royal စက်ရုံအနီးရှိစက်ရုံတစ်ရုံက MPAသို့ အတည်ပြုသည်။