ရန်ကုန်တိုင်းတွင် လေးရက်ဆက်တိုက် ငါးနာရီထက်မနည်း မီးပျက်နေကြောင်း ကျောက်တံတားမြို့နယ်တွင် နေထိုင်သူတစ်ဦးကပြောသည်။
ရန်ကုန်တိုင်း၏ အဓိကမြို့နယ်ခြောက်ခုတွင် ပြီးခဲ့သည့် ဇူလိုင်လ ၂၅ရက်နေ့မှ စတင်ပြီး ၂၈ရက်နေ့အထိ မီးဖြတ်တောက်မှုများ ဆက်တိုက်ဖြစ်ပေါ်လာကာ တစ်ရက်လျှင် လေးကြိမ်ထက်မနည်း အချိန်ပိုင်း မီးပျက်နေခြင်းဖြစ်ကြောင်း ကျောက်တံတားမြို့နယ်နေသူတစ်ဦးက ပြောသည်။
“မီးက မနက်ပိုင်းတစ်ခါ၊ နေ့လည်တစ်ခါ၊ ညနေတစ်ခါ၊ ညတစ်ခါလောက်ကို ပျက်နေတာ။ တစ်ခါပျက်ရင် တစ်နာရီခွဲ နှစ်နာရီလောက်ကြာတယ်။ မနက်ထမင်းချိုင့်အတွက်အဆင်မပြေတော့ အပြင်မှာဝယ်စားရတာ ပိုကုန်တာပေါ့ ” ဟု ကျောက်တံတားမြို့နယ်နေသူ မရှမ်းမက ရှင်းပြသည်။
လှိုင်သာယာမြို့နယ်တွင် မီးမကြာခနပြတ်တောက်ပြီး မီးအားနည်းမှုများကြောင့် အဆောင်နေထိုင်သူများအနေဖြင့် ရေမတင်နိုင်ခြင်းကြောင်း ရေဝယ်သုံးရကြောင်းနှင့် ရေခဲသေတ္တာအသုံးပြုသူများအနေဖြင့်လည်း အဆင်မပြေဖြစ်ကာ ပြန်လည်ရောင်းချသူများရှိသလို အပေါင်ဆိုင်သို့ ပို့ထားသူများလည်းရှိကြောင်း လှိုင်သာယာ ငါးထိိပ်မှတ်တိုင်အနီးနေသူ ကိုရှည်ကြီးကပြောသည်။
“ အခုက အဆောင်မှာ ရေတင်ဖို့ဆို မီးအားနည်းလို့ တင်လို့ရတဲ့အခါတင်တယ်။ မရတဲ့အခါ ရေဝယ်သုံးနေရတယ်။ ရေခဲသေတ္တာကလည်း မီးခဏခဏပျက်တော့ ရေတွေကျလို့ ပြန်သုတ်နေရတာနဲ့တင် အဆင်မပြေလို့ ပိတ်ထားရတာ။ ပြန်ရောင်းတာလည်း ဝယ်မယ့်သူမတွေ့လို့ အပေါင်ဆိုင်ပို့ထားလိုက်ရတယ်။ မီးမှန်မှပဲ ပြန်ရွေးတော့မယ် ” ဟု ငါးထိိပ်မှတ်တိုင်အနီးနေသူ ကိုရှည်ကြီးကပြောသည်။
ထို့အပြင် လှိုင်သာယာ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း၊ တောင်ဒဂုံ၊ မြောက်ဒဂုံနှင့် မြို့စွန်များရှိ ရပ်ကွက်အချို့တွင် တစ်ရက်လျှင် မီးပြတ်တောက်မှု ၆ကြိမ်ထက်မနည်းဖြစ်ပေါ်ပြီး တစ်ရက်လျှင် ၇နာရီနီးပါး မီးပြတ်တောက်မှုဒဏ်ခံရကြောင်း MPA မှ စုံစမ်းသိရှိရသည်။
အကြမ်းဖက်စစ်ကောင်စီတပ်အနေဖြင့် စက်ရုံကြီးများသို့ ပေးပို့သည့် သဘာဝဓာတ်ငွေ့လိုင်းများကို PDFတပ်ဖွဲ့မှ ဖောက်ခွဲသည်ဟုဆိုကာ ဆင်ရိုက်ထားသော ဓာတ်ပုံများဖြင့် ဝါဒဖြန့်ခဲ့ပြီး မီးပြတ်တောက်မှုအပေါ် ပြည်သူများအားဖြေရှင်းချက်ပေးထားသည်။