ထိုင်းနိုင်ငံအစိုးရ၏ ထုတ်ပြန်ချက်တစ်ခုတွင် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဦးဝင်းမြင့်တို့အားဖယ်ရှား၍ စစ်ကောင်စီအားတရားဝင်မှုပေးသည့် စကားရပ်များသုံးနှုန်းထုတ်ပြန်ခဲ့သည့်အပေါ် စိုးရိမ်ပူပန်ကြောင်း မြန်မာ ၊ ထိုင်းနှင့် နိုင်ငံတကာမှ အရပ်ဖက်အဖွဲ့အစည်း ၃၁၂ ဖွဲ့ က ထိုင်းနိုင်ငံခြားရေး၀န်ကြီးထံ ဧပြီ ၂၁ ရက်တွင် အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။
ပြီးခဲ့သည့် ဧပြီ ၁၇ ရက်တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ယခင် နိုင်ငံတော်အတိုင်ပင်ခံဟောင်း နှင့် ယခင် သမ္မတဟောင်းဟုသတ်မှတ်ပြီး ညွှန်းဆိုခဲ့သော စာတစ်စောင်ကို ထိုင်းအစိုးရက တရား၀င်ထုတ်ပြန်ခဲ့သည်။
ယင်းထုတ်ပြန်ချက်သည် နိုင်ငံတော်သမ္မတ နှင့် နိုင်ငံတော်အတိုင်ပင်ခံကို ရာထူးကဖယ်ရှားပြီး အာဏာသိမ်းရန်ကြိုးပမ်းသော စစ်တပ်၏ တရားမ၀င်လုပ်ရပ်ကို ထိုင်းအစိုးရက တရား၀င်ဖြစ်အောင် ထောက်ခံအားပေးမှုဖြစ်ကြောင်း ၊ စစ်အုပ်စုကို မြန်မာနိုင်ငံ၏ အစိုးရအဖြစ် အသိအမှတ်ပြုသော မည့်သည့်လုပ်ရပ်ကိုမဆို ရပ်တန့်ရန် ထိုင်းဘုရင့်အစိုးရကို တိုက်တွန်းကြောင်း အဆိုပါ အိတ်ဖွင့်ပေးစာတွင် ဖော်ပြထားသည်။
” စာပါအကြောင်းအရာအတိုင်းပါပဲ။ “ယခင်”ဆိုတဲ့ အသုံးအနှုန်းက စစ်အုပ်စုကို တရားဝင်မှုပေးတဲ့ အဓိပ္ပာယ်အထိဖြစ်သွားလို့ ကန့်ကွက်ရတာပါ ” ဟု အိတ်ဖွင့်ပေးစာ ပေးပို့ခြင်းတွင် ပါဝင်ခဲ့သော Basic Education General Strike Committee ( BEGSC ) မှ တာဝန်ရှိသူတစ်ဦးက MPA ကိုပြောသည်။
ထို့ပြင် ထိုင်းအစိုးရ၏ထုတ်ပြန်ချက်တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ၊ သမ္မတဦးဝင်းမြင့်တို့အား ၎င်းတို့၏ နေအိမ်များသို့ ပြောင်းရွှေ့ထားကြောင်း ထိုင်းနိုင်ငံ၏ ပြောဆိုမှုမှာလည်း မှားယွင်းကြောင်း ဖော်ပြထားသည်။
ယင်းကဲ့သို့ ထိုင်းအစိုးရ၏ မှားယွင်းမှုများအပေါ် နိုင်ငံတက်ကြွလှုပ်ရှားသူတစ်ဦးက ” ဘယ်လိုပဲမှားယွင်းမှုဖြစ်ပါစေ၊ တမင်ဖြစ်စေ၊ မရည်ရွယ်ပဲဖြစ်တာဖြစ်စေ၊ ဒီစကားရပ်ဟာ စစ်အုပ်စုကို တရားဝင်မှုပေးတဲ့အဓိပ္ပာယ်မို့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်နေတဲ့ ဗမာပြည်တော်လှန်ရေးကို လေးစားမှုရှိဖို့၊ မရည်ရွယ်တဲ့အမှားဆိုရင်လည်း နောင်မှာသတိပြုဆင်ခြင်ဖို့နဲ့ တမင်ရည်ရွယ်ရေးတာဆိုရင်လည်း ကန့်ကွက်တယ်ဆိုတာကို သိစေဖို့လိုအပ်ပါတယ်” ဟု ရှင်းပြသည်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတဦးဝင်းမြင့်တို့အား နေအိမ်အကျယ်ချုပ်တွင် ပြောင်းရွှေ့လိုက်ကြောင်း သတင်းများထွက်ပေါ်လာခဲ့သော်လည်း ပြောင်းရွှေ့လိုက်ခြင်းနှင့် ပက်သက်၍ စစ်ကောင်စီက တိတိကျကျ ပြောဆိုထားခြင်း မရှိသေးပေ။
ထို့ကြောင့် မိခင်ဖြစ်သူကို စစ်ကောင်စီက တော်လှန်ရေးအင်အားစုများ၏ တိုက်ခိုက်မှုတွင် လူသားဒိုင်းအဖြစ် အသုံးပြုမည်ကို စိုးရိမ်မိကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်အဲရစ်က ဗြိတိန်အခြေစိုက် Independent သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းခန်းတွင် ပြောဆိုခဲ့သေးသည်။