By MPA 008
ထားဝယ် အကျဉ်းထောင် အတွင်း ၃ လ အကြာ ဖမ်းဆီးခံ ထားရသည့် လောင်းလုံးမြို့နယ် ဒေသခံ ခြောက်ဦးကို စက်တင်ဘာလ ၁၅ ရက်နေ့က အပြစ် မရှိဟု ဆိုကာ ပြန်လည် လွတ်ပေးခဲ့ကြောင်း ပြန်လည် လွတ်မြောက်လာ သူများထံမှ သိရသည်။
ပြန်လည် လွတ်မြောက်လာသည့် အမျိုးသား အမျိုးသမီး အပါဝင် လောင်းလုံး ဒေသခံ ခြောက်ဦး သည် ထားဝယ် အကျဉ်းထောင် ထောင်တွင်း တရားက အပြစ် မရှိကြောင်း တရားသေ လွတ်ပေးခဲ့ သည်ဟု ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – လောင်းလုံးမြို့နယ်၏ တာဝန်ရှိသူ တစ်ဦးက ပြော သည်။
ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – လောင်းလုံးမြို့နယ်၏ တာဝန်ရှိသူ တစ်ဦးက” သူတို့က သာမန် ရွာသူ/သားတွေ ဖြစ်တယ်၊ အပြစ် မရှိပဲ ၃ လ နီးပါးလောက် ဖမ်းဆီးခံထား ရတာပါ နောက်ဆုံး တရားရုံးက အပြစ်မရှိဘူး ဆိုပြီး အမိန့် ချပြီးမှ ပြန်လွတ်ပေး လိုက်တာပါ” ဟု ပြောသည်။
လက်ရှိ ပြန်လည် လွတ်မြောက်လာသည့် လောင်းလုံး ဒေသခံများ ဖြစ်သည့် ဦးဇော်၊ ဦးတင်သန်း၊ ကိုချမ်း၊ ကိုဝင်းပိုင် ၊ဦးဆန်းသားနှင့် ဒေါ်ချိုတို့ ဖြစ်ပြီး ၎င်းတို့ သည် ညင်းမော်နှင့် တီဇင်ကျေးရွာတို့မှ ဒေသခံများ ဖြစ်ကြောင်း သိရ သည်။
၎င်းတို့ကို ပြီးခဲ့သည့် ဇွန်လ အတွင်း စစ်ကောင်စီ တပ်ဖွဲ့က နေအိမ် အသီးသီးတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ – လောင်းလုံးမြို့နယ် အဖွဲ့၏ ပြုစုထားသော စာရင်းများ အရ အပြစ်မဲ ဖမ်းဆီးခံရသူ ပြည်သူ ၅၀ ကျော်ရှိပြီး လက်ရှိ ပြန်လည် လွတ်မြောက်လာသူ ဦးရေမှာ ခြောက်ဦး ဖြစ်သည်။