By MPA 004
လျှို့ဝှက်ချက်အက်ဥပဒေ ပုဒ်မ ၃(၁)(ဂ) ဖြင့် စွဲချက်တင်ခံထားရသည့် မစ္စတာရှောင်တာနယ်သည် ၎င်းအနေဖြင့် အပြစ်မရှိကြောင်း ယမန်နေ့က ပြုလုပ်ခဲ့သည့် ရုံးချိန်းတွင် ထွက်ဆိုခဲ့သည်။
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဩစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် မစ္စတာ ရှောင်တာနယ်နှင့် ဝန်ကြီးသုံးဦးတို့ကို စွပ်စွဲထားသည့် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ ၃(၁)(ဂ)နှင့် ပတ်သက်၍ ယမန်နေ့က ပြုလုပ်သည့် ရုံးချိန်းတွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။
ဩစတြေးလျအခြေစိုက် SBS သတင်းဌာန၏ ဖော်ပြချက်အရ မစ္စတာရှောင်တာနယ်အနေဖြင့် ယင်းသို့ အပြစ်မရှိကြောင်း ထွက်ဆိုခဲ့သော်လည်း အမှုနှင့် ပတ်သက်သည့် အသေးစိတ်ကို မသိရှိရသေးကြောင်း သိရှိရသည်။
အမှုနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ကို ရှေ့နေများအနေဖြင့် ပြောပြ၍ မရသလို ဒေါ်အောင်ဆန်းစုကြည်နှင့် ပတ်သက်သော တရားခွင်များအားလုံးသည် အလားတူ ကန့်သတ်ချက်များအောက်တွင် ရှိနေသည်ဟု SBS သတင်းဌာနက ဖော်ပြထားသည်။
တရားရုံးနှင့် နီးစပ်သူများ၏ ပြောပြချက်အရ မစ္စတာရှောင်တာနယ်အနေဖြင့် ကျန်းမာရေးကောင်းမွန်မှု ရှိကြောင်း သိရှိရသည်။ အမှုနှင့် ပတ်သက်၍ နေပြည်တော်အချုပ်ထောင်အတွင်းရှိ တရားရုံးတွင် အပတ်စဉ်ကြာသပတေးနေ့တိုင်း စစ်ဆေးနေခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ထွက်ဆိုရမည့်အချိန်ကို နောက်အပတ်တွင် ရွှေ့ဆိုင်းထားသည်ဟု ဆိုသည်။
မစ္စတာရှောင်တာနယ်အပေါ် စွဲဆိုထားသည့် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ) နှင့် ပတ်သက်၍ အမှုတွဲပါ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင် (စီမံ/ဘဏ္ဍာ/စက်မှု ဒုဝန်ကြီး) နှင့် ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာ ဝန်ကြီးဟောင်း)တို့သည်လည်း အားပေးကူညီမှုနှင့် ပူးပေါင်းစွဲဆိုခံထားရခြင်းဖြစ်သည်။ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ ၃(၁)(ဂ) သည် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရနိုင်သည်။