“ ရွာမရောက်ခင် တစ်မိုင်အကွာလောက်ကနေ သေနတ်တွေ ဖောက်ပြီး ဝင်လာတာ။ ကျတော်တို့ မိသားစုလည်း အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးရတယ်။ ပစ္စည်းတွေကိုတော့ သူတို့သိမ်းပြီး အိမ်ကိုတော့ မီးရှို့ပစ်လိုက်ပြီ” ဟု စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဇီးဖြူကုန်းပျူရွာ (တောင်) မှ ထွက်ပြေးလွတ်မြောက်လာသူ ဦးမောင်မောင်က ဆိုသည်။
အာဏာသိမ်းပြီး နောက်ပိုင်း ၂၀၂၁ ခုနှစ် ဇွန်လမှစ၍ ဇီးဖြူကုန်းကျေးရွာအား စစ်တပ်မှ တပ်စွဲလိုက်ကာ ပျုစောထီးကျေးရွာအဖြစ် သွတ်သွင်းခဲ့သည်။ ဦးမောင်မောင်သည် ယင်းကျေးရွာတွင် မနေလိုတော့၍ ထွက်ပြေးတိမ်းရှောင်ခဲ့ပြီးနောက် တော်လှန်ရေးတွင် ထောက်ပို့ရဲဘော်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ပျူစောထီးကျေးရွာအဖြစ် စစ်တပ်အောက်တွင် ရှိနေသော ဇီးဖြူကုန်းကျေးရွာတွင် မနေလိုသည့် ပြည်သူများအနေဖြင့်လည်း ဦးမောင်မောင်နည်းတူ ထွက်ပြေးတိမ်းရှောင်မှုများ ပြုလုပ်ခဲ့ကြသည်။ လက်ရှိတွင် ဦးမောင်မောင်တစ်ယောက် ဇီးဖြူကုန်းကျေးရွာမှ ပြည်သူ ၂၀၀ ခန့်ကို ထွက်ပြေးနိုင်အောင် ကူညီနိုင်ခဲ့ပြီဟု ဆိုသည်။
ငရဲတွင်းအဖြစ်သို့
အာဏာသိမ်းစတွင် ဇီးဖြူကုန်းကျေးရွာသည် တခြားဒေသများကဲ့သို့ ဆန္ဒပြလှုပ်ရှားမှုများ အားကောင်းခဲ့ပြီး လက်နက်ကိုင်တော်လှန်ရေးစတင်သည့် အခါတွင်လည်း ကျေးရွာရှိ လူငယ်များမှ တပ်ရင်း၊ တပ်ဖွဲ့များဖွဲ့စည်းကာ စစ်ကောင်စီကို ဆက်လက်တွန်းလှန်ခဲ့ကြသည်။
ထိုထဲတွင် ၎င်းတို့အခေါ် ဒလန်ရှင်းလင်းခြင်း၊ အုပ်ချုပ်ရေးမှူးဟောင်းများအား CDM ပြုလုပ်ခိုင်းခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု ဆိုသည်။ ယင်းလုပ်ဆောင်မှု များကြောင့်ပင် ဇီးဖြူကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ အပေါင်းအပါ ဖြစ်သူတို့သည် ၂၀၂၁ ခုနှစ် ဧပြီလအတွင်းတွင် ပုလဲမြို့ပေါ် ထွေအုပ်ရုံးသို့ သွားရောက်ခိုလှုံကြခဲ့ကြသည်ဟု ဆိုသည်။
ဇီးဖြူကုန်းကျေးရွာမှ အုပ်ချုပ်ရေးမှူးနှင့် ၎င်း၏ အပေါင်းအပါ ဖြစ်သူတို့သည် ပုလဲမြို့ပေါ် ထွေအုပ်ရုံးသို့ သွားရောက်ခိုလှုံကြခဲ့ကြပြီးနောက် နှစ်လအကြာတွင် ၎င်းတို့အားကိုးသည့် စစ်တပ်ကို ခေါ်ဆောင်လာကာ ဇီးဖြူကုန်းကျေးရွာကို ငရဲတွင်းကြီးအဖြစ် ပြောင်းလဲပစ်လိုက်တော့သည်။
ရွာတွင် စစ်သားများ အထိုင်ချပြီးနောက် ဆယ်ရက်ခန့်အကြာတွင် ၁ လလျှင် ၁ သိန်းခွဲခန့် လစာပေးမည်ဟု စည်းရုံးကာ ပြည်သူ့စစ်ဖွဲ့စည်းရန် စည်းရုံးခဲ့ကြသည်။ ရရှိမည့် လစာကို မက်မောကာ ရွာသား အယောက် ၄၀ ခန့်သည် မိမိဆန္ဒသဘောဖြင့် စာရင်းပေး တက်ရောက်ကြရာမှ စတင်၍ ဇီးဖြူကုန်းကျေးရွာသည် ပျူစောထီးကျေးရွာအဖြစ် ပြောင်းလဲခဲ့ရသည်။
“ တက်ကြတဲ့လူတွေက ငွေမက်တာကြောင့် ပါတယ်။ နောက်ပြီး သူတို့က စာရင်းငှားတို့ လက်လုပ်လက်စားတွေကိုး။ ထွက်ပြေးလာကြတဲ့ပြည်သူတွေက လယ်ပိုင်ရှင်ယာပိုင်တွေ များတယ်။ လစာလည်းရမယ်၊ လက်နက်လည်း ကိုင်ရမယ်ဆိုတော့ အမှားအမှန် မခွဲခြားတတ်တော့တာပေါ့” ဟု ဦးမောင်မောင်က ပြောသည်။
စစ်သားများ စတင်ဝင်ရောက်လာသည့် အချိန်မှစ၍ ရွာပတ်ဝန်းကျင် နေရာအနှံ့တွင် တိုက်မိုင်းများ၊ နင်းမိုင်းများ ဆင်ထားပြီး ထွက်ပြေးလျှင်လည်း ပစ်သတ်မည်ဟု ခြိမ်းခြောက်သဖြင့် ကျန်ရစ်ခဲ့သည့် ရွာသူ၊ ရွာသားများအနေဖြင့် အရှင်လတ်လတ်ကျနေသည့် ငရဲနှင့် ထိပ်တိုက်တွေ့ဆုံကြရတော့သည်။
ကျန်းမာရေးစောင့်ရှောက်မှု ခံယူရန် ဆေးခန်းမရှိခြင်း၊ ဆေးကုသမှုခံယူရန်လည်း ရွာပြင်ထွက်ခွင့် မရှိခြင်းတို့ကြောင့် ရွာထဲတွင်ပင် အာဟာရချို့တဲ့၍ သေဆုံးသွားသည့် သက်ကြီးရွယ်အိုများ၊ ပိုးထိ၍ သေဆုံးသွားသော ပြည်သူများလည်း ရှိသည်ဟု ဆိုသည်။ အာဟာရချို့တဲ့မှုအပြင် ပျုရွာအတွင်း စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများကြောင့် စိတ်နောက်ကာ ကယောင်ခြောက်ခြား ဖြစ်နေသည့် ပြည်သူအချို့လည်း ရှိနေသည်ဟု ဆိုသည်။
ဇီးဖြူကုန်းပျုရွာတွင် ၂ နှစ်ခန့် နေထိုင်ပြီး ရွာမှ ထွက်ပြေးလာသော ပြည်သူများမှာ ပြန်လည် ဆုံတွေ့ရချိန်တွင် ရွာသားအချင်းချင်းပင် မမှတ်မိနိုင်သည့်အထိ အသားအရည်ခမ်းခြောက်ကာ အရိုးပေါ် အရေတင်အခြေအနေများပင် ဖြစ်နေကြသည်ဟုဆိုသည်။
အထူးသဖြင့် ကလေးသူငယ်များထက် သက်လတ်ပိုင်းများ၊ သက်ကြီးရွယ်အိုများမှာ ပို၍ အခြေအနေ ဆိုးဝါးသည်ဟု ဦးမောင်မောင်က ပြောသည်။
“ လူကြီးတွေက အငတ်ခံပြီး ကလေးတွေကို ကျွေးတာပေါ့။ ဒီလူတွေ အရင်က ကျတော်တို့နဲ့ တရွာတည်းနေ တရေတည်း သောက်လာတာဗျာ။ အခု ရွာက ထွက်လာလို့ သွားခေါ်တော့ ခေါင်းနဲ့ မျက်လုံးပဲကျန်တယ်။ မှတ်တောင်မမှတ်မိဘူး” ဟု ၎င်းက ပြောသည်။
စစ်ကောင်စီအားကိုးဖြင့် ဗိုလ်ကျ နှိပ်စက်
ဇီးဖြူကုန်းကျေးရွာအတွင်းရှိ ရွာသားများသည် စစ်သား၊ ရဲနှင့် ပျုစောထီးများ နေထိုင်သောနေရာသို့ သွားလာခွင့် မရှိကြချေ။ စစ်တပ်လက်အောက်သို့ ပျူအဖြစ် ပြောင်းသွားကြသည့်သူများသည် တချိန်က တစ်ရွာတည်းနေသော ရွာသားများ ဖြစ်ခဲ့ကြသော်လည်း ယခုချိန်တွင် ဗိုလ်ကျနှိပ်စက်နေကြသည်။
“ ကိုယ်ရွာထဲကိုယ် ဘယ်မှ လွတ်လွတ်လပ်လပ် မသွားရတော့တာ။ ရွာပြင်ထွက်ရင်လည်း သူတို့က ပစ်သတ်မယ်တဲ့။ ထွက်ပြေးလို့ လွတ်ရင်တောင် နင်တို့ကို PDF တွေက သတ်ပစ်မှာ ဆိုပြီး ကျမတို့ကို ပြောတယ်” ဟု ထွက်ပြေးလွတ်မြောက်လာသည့် မသန်းမြင့်က ရှင်းပြသည်။
ရွာပြင်ထွက်ခွင့် မပြုသောကြောင့် အဓိက ဝင်ငွေရနေသည့် တောင်သူအလုပ်ကိုပါ မလုပ်နိုင်တော့သဖြင့် ရိက္ခာပြတ်လပ်လာပြီး အငတ်ဘေးဒဏ်ကိုပါ တဆက်တည်း ခံစားလာရကြောင်း ယင်းအမျိုးသမီးက မျက်ရည်များကျလာပြီး ပြောပြသည်။
“ရွာပတ်ဝန်းကျင်မှာလည်း စိုက်ပျိုးရေး မလုပ်နိုင်တဲ့ အခါကြတော့ ရွာထဲက မြေကွက်လပ်လေးမှာ ထွန်ယက်စိုက်ပျိုးနေရတယ်။ ရွာထဲကနေ ထွက်ပြေးသွားတဲ့ လူတွေရဲ့ အိမ်တွေကို သူတို့ ( စစ်သား ) တွေက ဖျက်ဆီးထားတာ။ အဲ့ဒီမှာ တပိုင်တနိုင် ထွန်ယက်စိုက်ပျိုး၊ အဲဒီလိုမျိုး လုပ်ကြတယ်”ဟု မသန်းမြင့်က ဆက်လက်ရှင်းပြသည်။
ပြည်သူများအား အနိုင်ကျင့်နှိပ်စက်ခြင်းများ ရှိနေသည့်အပြင် တစ်ဘက်တွင်လည်း ဇီးဖြူကုန်းပျူရွာအတွင်းတွင် ပျူစောထီးအချင်းချင်း အထက်မှ အောက် အနိုင်ကျင့် ဗိုလ်ကျမှုများလည်း ရှိသည်ဟု ဆိုသည်။
“ ပျူအချင်းချင်းလည်း အဖွဲ့တွေကွဲကြ၊ ရန်ဖြစ်ကြနဲ့ ဓားခုတ်မှုတွေတောင် ဖြစ်ကြတယ်။ သေနတ်ပေးမထားတော့ လေးခွတွေနဲ့လည်း အချင်းချင်းပစ်ကြတာ” ဟု ဦးတင်ဝင်း (အမည်လွှဲ) က ပြောသည်။
ငါးကြင်းဆီနှင့် ငါးကြင်းပြန်ကြော်
စစ်ကောင်စီနှင့် ပျူစောထီးတပ်ဖွဲ့များသည် အနီးဝန်းကျင်ရှိ ကျေးရွာများသို့ စစ်ကြောင်း ထွက်သောအခါ စားနပ်ရိက္ခာသယ်ယူရန် ပြည်သူအချို့အား လိုက်ပါခိုင်းပြီး လုယူ၍ ရရှိလာသော ပစ္စည်းများကို ဈေးကြီးကြီးဖြင့် ရွာထဲတွင် ပြန်လည်ရောင်းချကြသည်။
၎င်းတို့ ရောင်းစျေးနှင့် မစားနိုင်သည့် ပြည်သူများအနေဖြင့် စားသောက်ရေးအတွက် အခက်ကြုံရသည်က များသည်ဟု ဆိုသည်။ စားစရာ ဆန်မရှိသည့် အခြေအနေမှာ နေ့စဉ်ကြုံတွေ့ရပြီး ဖြစ်သလို ဖြတ်သန်းရသည်ဟု ဇီးဖြူကုန်းရွာတွင် ရှိစဉ်က အဖြစ်အပျက်များကို ဇီးဖြူကုန်းရွာသူ အမျိုးသမီးတစ်ဦးက ယခုကဲ့လို ပြောပြသည်။
“ ကျမတို့မှာ စားစရာ ဆန်မှမရှိတာ။ အဲဒီတော့ ပဲစင်းငုံစေ့တွေ ပြုတ်စားရတယ်။ ဖရုံသီးပေါတဲ့အချိန်ဆို ဖရုံသီးတွေ ပြုတ်စားရတယ်။ ရေနွေးကြမ်းသောက်ချင်တာ လက်ဖက်ခြောက်မရှိတော့ ထန်းနို့ခြောက်တွေကို ထုခြေပြီး ခပ်သောက်ရတယ်။ ကျမဆို စီးစရာ ဖိနပ်မရှိလို့ သုံးလလောက် ဖိနပ်မစီးပဲနေခဲ့ရတာ။ တကယ် ဝဋ်ကြွေးတွေရှိရင် ကြေပါစေ ဆုတောင်းမိတယ်” ဟု ရှိုက်သံဖြင့် ပြောသည်။
ဇီးဖြူကုန်းပျူစောထီးကျေးရွာတွင် ပြည်သူများက ငတ်ပြတ်ပြီး ငရဲကျသလို ဖြစ်နေသော်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရိက္ခာအပြည့်အစုံနှင့် သက်သောင့်သက်သာ နေထိုင်ကြရသည်ဟု ဆိုသည်။
ရွာကင်းစောင့်ရန်အတွက် ပြည်သူများကို ခေါ်ဆောင်ပြီး လိုက်သည့်အိမ်များကို ဆန် ၂ ဗူးသာ ထောက်ပံ့ကြောင်း ဇီးဖြူကုန်းပျူစောထီးကျေးရွာမှ ထွက်ပြေးလာသည့် ဦးတင်ဝင်း (အမည်လွှဲ) က ဆက်ပြောပြသည်။
ရွာပြင်သို့ ရောက်သော်
ဇီးဖြူကုန်းရွာသည် အာဏာမသိမ်းခင်ကာလက အိမ်ခြေ ( ၂၂၅ ) ရှိပြီး ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး အထိုက်အလျောက် ကောင်းမွန်ခဲ့သော်လည်း အာဏာသိမ်းပြီးနောက် ပျူရွာဖြစ်သွားသည့် အချိန်တွင် တထီးတည်း ဖြစ်ခဲ့ရသည်။
“ မသေရုံတမယ် ရွာထဲနေနေခဲ့ရတာ။ ကလေးတွေ ပညာရေးဆိုတာ ဘာမှန်းမသိပါဘူး။ ရွာထဲမယ် စာသင်ကျောင်းတော့ ရှိပေမဲ့ လူကြီးတွေတောင် လွတ်လွတ်လပ်လပ် သွားလာလို့ မရတာ။ ဒီကလေးတွေ အေးအေးလူလူစာသင်ဖို့ဆိုတာ ပိုဆိုးပေါ့” ဟု ဦးတင်ဝင်းက ရှင်းပြသည်။
စစ်ကောင်စီတပ်သားများ၏ အနိုင်ကျင့် နှိပ်စက်မှုများကို ခါးစည်းမခံနိုင်သည့် ဇီးဖြူကုန်းကျေးရွာသားများသည် အရဲစွန့်ကာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များထံသို့ ယခင်က ထွက်ပြေးတိမ်းရှောင်သွားကြသည့် ပြည်သူများနှင့် ချိတ်ဆက်၍ ထွက်ပြေးတိမ်းရှောင်ကြရသည်။
ရွာပြင်သို့ ရောက်သည့်အခါ စစ်တပ်မှ ရိုက်သွင်းထားသော ဝါဒဖြန့်စကားများမှာ မဟုတ်မှန်ကြောင်း၊ ရွာထဲတွင် နေခဲ့သည့်ဘဝသည် ငရဲကျနေသကဲ့သို့ ခံစားခဲ့ကြရသည်ကို နှိုင်းယှဉ်ပြီး သိမြင်လာရသည်ဟု ဆိုကြသည်။
“ အပြင်ရောက်မှ လူလိုသူလို နေရတာဗျ။ ကျတော်တို့မှာ ရွာပြင်ထွက်ရင် PDF က သတ်မှာ NUG က သတ်မှာဆိုတဲ့ စကားတွေကြောင့် အချိန်အကြာကြီး ငရဲခံနေခဲ့ရတာ။ အခုတော့ ကျတော်တို့ကို ကောင်းကောင်းမွန်မွန် စောင့်ရှောက်ထားပေးတာ သူတို့ သတ်မယ်ပြောတဲ့ အဖွဲ့အစည်းတွေပဲဗျ” ဟု ဦးတင်ဝင်းက ပြောသည်။
လက်ရှိတွင် ဇီးဖြူကုန်းကျေးရွာမှ ထွက်ပြေးလာကြသော အိမ်ထောင်စုမှာ ၁၅၀ ခန့်ရှိနေပြီး ၎င်းတို့အား စိစစ်ကာ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်၍ ကောင်းမွန်စွာ စောင့်ရှောက်ပေးထားကြောင်း၊ ငွေသား၊ ယာယီတဲဆောက်ခြင်း၊ အမိုးအကာများ၊ စောင်၊ ခြင်ထောင်၊ အဝတ်အစား စသည့်လိုအပ်သည့် ပစ္စည်းများကို ကူညီနိုင်သည့်အဖွဲ့အစည်းများနှင့်ပါ ချိတ်ဆက်ဆောင်ရွက်ပေးထားကြောင်း ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးက ပြောသည်။
ထွက်ပြေးလာကြသူများထဲတွင် စာသင်ကြားရမည့် ကလေးငယ်များလည်း ပါဝင်နေသည့်အတွက် ၎င်းတို့၏ ပညာသင်ကြားနိုင်ရေးအတွက် လုပ်ဆောင်ပေးလျက်ရှိသည်ဟုလည်း ပုလဲမြို့နယ်၊ လူစာနာ တာဝန်ခံက ပြောသည်။
“ကျောင်းနေကလေးအတွက် စာအုပ်တို့၊ လွယ်အိတ်တို့၊ ဘောပင်၊ ခဲတံကအစ ထောက်ပံ့မှုတွေရပါတယ်။ ကျန်းမာရေးအတွက်ကလည်း ကျေးလက်ကျန်းမာရေး ဆေးခန်းရှိတော့ ဖျားတာနာတာအတွက် မစိုးရိမ်ရတော့ဘူး” ဟု ဦးမောင်မောင်က ပြောသည်။
ထွက်ပြေးလာသည့် ပြည်သူများတွင် ပုလဲမြို့နယ်ရှိ တော်လှန်ရေးအင်အားစုများ စီစဉ်ချထားပေးသည့် နေရာများတွင် နေထိုင်သူများ ရှိသကဲ့သို့ တခြားအရပ်ဒေသ၊ မြို့ပေါ်များတွင် ရွှေ့ပြောင်းနေထိုင်သူများလည်း ရှိသည်ဟု စုံစမ်းသိရှိရသည်။
တော်လှန်ရေးအင်အားစုများ စီစဉ်ချထားပေးသည့် နေရာများတွင် နေထိုင်သူများကို ကျန်းမာရေးကိစ္စရှိလာပါက သက်ဆိုင်ရာ ရပ်ကျေးပကဖ၏ ထောက်ခံချက်နှင့်အတူ ကျေးလက်ဆေးပေးခန်းများတွင် ဆေးကုသမှု့ခံယူနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ပုလဲမြို့နယ် လူစာနာတာဝန်ခံထံမှ သိရသည်။
ဇီးဖြူကုန်းပျူရွာမှ ထွက်ပြေးလွတ်မြောက်လာသူများသည် လက်ရှိတွင် စားဝတ်နေရေးအတွက် ထောက်ပံ့မှုများ ရရှိသော်လည်း ရေရှည်ဖြစ်သည့်အတွက် မိသားစု စားဝတ်နေရေးအတွက် နီးစပ်ရာ ကျေးရွာများတွင် တောင်သူလုပ်ခြင်း၊ ကူလီလုပ်ခြင်းဖြင့် ဝမ်းစာအတွက် ဆက်လက်ဖြေရှင်းနေရသေးသည်။ သို့သော် ၎င်းတို့ ဆုံးဖြတ်ချက်အတွက် နောင်တမရကြောင်းလည်း ပြောသည်။
“ ရွာကထွက်တော့ ဖုန်းဆက်ခေါ်တယ်။ ၇ ရက်အတွင်း ပြန်လာခဲ့။ ဘာမှ မလုပ်ဘူးတဲ့။ အဲ့ဒီတုန်းကသာ ပြန်သွားခဲ့ရင် အခုချိန် အသက် မရှိလောက်တော့ဘူး” ဟု ဦးမောင်မောင်က ဆိုသည်။