“ အတောင်အလက်ပြည့်ပြီးကာမှ ကောင်းကင် လိုင်စင်မရလို့ မပျံနိုင်တဲ့ ငှက်များလို တို့များရဲ့ ဘ၀ဟာလေ”
စိုင်းထီးဆိုင် သီဆိုခဲ့သည့် လူငယ်ခြေကျ သီချင်းအား ဖွင့်၍ အသက်နှစ်ဆယ်စွန်းခါစ လူငယ်တစ်ဦး လက်မှိုင်ချကာ ထိုင်နေခဲ့သည်။ ပုဂ္ဂလိက ကုမ္ပဏီ တစ်ခု၏ အလုပ်ခန်း တစ်ခုထဲ၌ ဖြစ်သည်။ နေ့လယ်စာ စားချိန်ဖြစ်၍ ရုံး၌ အဆိုပါ လူငယ်နှင့် အခြား ၀န်ထမ်း အနည်းငယ်သာ ရှိနေခဲ့သည်။
စိုင်းခမ်းလိတ်က အာဏာရှင်များ ဖျက်ဆီးသဖြင့် ပျက်ခဲ့ရသည့် တက္ကသိုလ် ပညာရေးစနစ်အား လူငယ်ခြေကျ ဟူသည့် သီချင်းရေးစပ်ကာ လှလှပပ ပုံဖော်ပြသွားသည်။ ၂၀ ရာစုတုန်းက ရေးစပ်ခဲ့သည့် တေးသီချင်း တစ်ပုဒ်က နှစ်ဆယ့်တစ်ရာစု၏ အလတ်ဆတ်ဆုံး Gen Z တစ်ယောက်အတွက် သစ်လွင်နေဆဲပင်။
စစ်အာဏာသိမ်းသဖြင့် အဆိုပါ လူငယ်က ပညာရေး စနစ်ကို သပိတ်မှောက်ခဲ့ပြီး လုပ်ငန်းခွင်ထဲ ၀င်ရောက်လာခဲ့သည်။ အလုပ်က သူ့အတွက် တက္ကသီလာပင်ဖြစ်သည်။ မတူညီသော အတတ်ပညာရပ်များဖြင့် လာရောက်သည့် လူငယ်များအကြား အချင်းချင်း သင်ယူမျှဝေစရာများက များလှသည်။ စစ်ကျွန်ပညာရေး စနစ်ထက် အဆများစွာ သာသည်ဟု သူက ယူဆသည်။
အသက်မွေးဝမ်းကျောင်း ပညာရပ်များက အလုပ်သင် လူငယ်လေးအတွက် အနား၌ လွယ်လင့်တကူပင် လေ့လာသင်ယူခွင့် ရလာသည်။ မိဘနှစ်ပါးနှင့် မိသားစုက လက်နက်ကိုင်လိုစိတ်အား ပစ်ချရန် ဖြစ်ခဲ့သော်လည်း အဆိုပါ လူငယ်က သပိတ်မှောက် ကျောင်းသား ဘဝအား ခုံမင်စွာ ခံယူနေခဲ့သူ ဖြစ်သည်။ ယခုတော့ သူ့အတွက် ရွေးစရာ လမ်းက မရှိတော့ပေ။
ဖေဖော်ဝါရီ ၁၀ ရက်တွင် စစ်ကောင်စီက ပြည်သူ့ စစ်မှုထမ်း ဥပဒေဟု အမည်တပ်ထားသည့် စစ်တပ်၏ တရားဝင် ပေါ်တာဆွဲခွင့် ဥပဒေကို အတည်ပြုကြောင်း ကြေညာလိုက်သည်။ စက်ဆုပ် ရွံရှာလှသဖြင့် စစ်ကောင်စီ ဖွင့်သည့် ကျောင်းကို မတက် သပိတ်မှောက်သူ အဆိုပါ လူငယ်အတွက် စစ်ကောင်စီ တပ်ထဲသို့ မည်သို့မျှ မည်သည့် အကြောင်းနှင့်မျှ မ၀င်လိုပေ။
“ ကျတော် တော်လှန်ရေး တပ်ဖွဲ့တွေ ၀င်မယ်။ သူတို့က ရွေးစရာ မရှိအောင် လုပ်တော့လည်း ချတာပေါ့” ဟု အဆိုပါ လူငယ်က သူ၏ ဆုံးဖြတ်ချက်ကို ပြောလိုက်သည်။ အာဏာသိမ်းပြီး သုံးနှစ်ကျော်လာချိန် စစ်ကောင်စီသည် ၄င်းတို့ စစ်ရှုံးနိမ့်နေမှုအား ဖုံးမရ ဖိမရ ဖြစ်လာခဲ့ခြင်းနှင့်အတူ ၄င်းတို့ ထိန်းချုပ်နယ်မြေများရှိ လူငယ်များအား အတင်းအဓမ္မ စစ်တပ်ထဲ ခေါ်သွင်းရန် ပြုလုပ်လာခဲ့ပြီလည်း ဖြစ်သည်။
စစ်ရှုံးနေသည့် စစ်တပ်နှင့် ဖုံးမရဖိမရ စစ်အင်အားလျော့ကျလာမှု
၁၀၂၇ စစ်ဆင်ရေးက စစ်ကောင်စီတပ်၏ အင်အားနည်းလာမှုကို သိသာထင်ရှားစေခဲ့သည်။ လောက်ကိုင် ဒကစ ဌာနချုပ် တစ်ခုလုံး လက်နက်ချခဲ့ရသည်ထိ ဖြစ်ခဲ့ပြီး စစ်ခေါင်းဆောင်က လက်နက်ချခဲ့သည့် ဗိုလ်မှူးချုပ် သုံးယောက်အား စစ်ခုံရုံးတင် သေဒဏ်ပေးပစ်ခဲ့သည်။
သို့သော် မြို့ ၁၆ မြို့ အသိမ်းခံခဲ့ရခြင်းအတွက် တာဝန်အရှိဆုံး ရာထူးနေရာမှ (ယခု အမှတ် ၂ ကစထမှူး ဖြစ်လာသူ) အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နိုင်နိုင်ဦးကတော့ ရာထူးတိုးကာ ဒုတိယဗိုလ်ချုပ်ကြီး ဖြစ်လာခဲ့သည်။ ၄င်းသည် စစ်ကောင်စီ စစ်ရှုံးနေသည့် ရှမ်းပြည်နှင့် ကရင်နီပြည်တို့ရှိ စစ်တိုင်းလေးခုအား ကွပ်ကဲရတော့မည် ဖြစ်သည်။
စစ်တပ်အား လေ့လာစောင့်ကြည့်သူ တစ်ဦးက ပဒေသရာဇ် ဆန်ဆန်၊ မာဖီးယားဂိုဏ်းဆန်ဆန် အပေးအယူမျိုးဟု အဆိုပါ အခြေအနေအား ယူဆပြောဆိုသည်။
“ မင်းရှုံးတာ မင်းပြန်တိုက်၊ ဟိုကောင်တွေကတော့ အောက်က ချာတိတ်တွေ၊ အခွင့်အရေး နှစ်ခါမရဘူး။ မင်းကတော့ နောက်တစ်ခါ နိုင်အောင်တိုက်ရမယ်ပေါ့။ ရာထူးတိုးပေးလိုက်တယ်။ စစ်ရှုံးနေတာ မနိုင်မှန်းသိတဲ့ နေရာတွေလေ။ ဘယ်သူမှ မယူချင်တဲ့ နေရာတွေ” ဟု ၄င်းက ပြောသည်။
ရှမ်းမြောက်တိုက်ပွဲများက တရုတ်ကြား၀င်မှုဖြင့် ငြိမ်သက်သွားချိန်တွင် စစ်ကောင်စီသည် စစ်ကိုင်းနှင့် နိုင်ငံ အလယ်ပိုင်းသို့ အင်အားများ ပြန်ပို့လာနိုင်ခဲ့သည်ကို တွေ့ ရသည်။ ကောလင်းမြို့အား အင်အား အလုံးအရင်းဖြင့် တန်ပြန်ထိုးစစ်ဆင်ခြင်းများကဲ့သို့ စစ်ဆင်ရေးများအား ပြန်လုပ်လာနိုင်ခြင်း ဖြစ်သည်။ ၁၀၂၇ စစ်ဆင်ရေး ကာလတစ်လျှောက် စစ်ကောင်စီအတွက် ထိုသို့ အခြေအနေ မရှိခဲ့ပေ။
လက်ရှိ စစ်ကောင်စီတပ်၌ ကျန်ရှိနေသေးသည့် စစ်အင်အားအား ISP Myanmar ၏ စစ်တမ်းတွင် တစ်သိန်း မပြည့်တော့ဟု ဖော်ပြထားသည်။ စစ်အာဏာသိမ်းချိန်၌ အင်အား တစ်သိန်းခြောက်သောင်း ၀န်းကျင်ရှိခဲ့ရာမှ နွေဦးတော်လှန်ရေး ကာလအတွင်း စစ်အင်အား ခြောက်သောင်းကျော် ပြုန်းတီးသွားခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် စစ်ကောင်စီသည် ရှမ်းမြောက်တိုက်ပွဲ ၄၂ ရက်တာ ကာလအတွင်း ကောလင်းကဲ့သို့ ခရိုင်မြို့ကြီး တစ်မြို့အား အသိမ်းခံရချိန်တွင် တန်ပြန်ထိုးစစ် ဆင်နိုင်ခဲ့ခြင်း မရှိခဲ့ခြင်း ဖြစ်သည်။ သို့သော် ရှမ်းမြောက် တိုက်ပွဲများ အပစ်အခတ်ရပ်နိုင်ခဲ့ချိန်တွင်တော့ စစ်ကောင်စီ၏ တန်ပြန်ထိုးစစ်များက စစ်ကိုင်းနှင့် အလယ်ပိုင်းဒေသ အတွင်း ပြန်လည်မြင်တွေ့လာရသည်။
“ အခုနောက်ပိုင်း သူတို့က တစ်ရက်တည်း အင်အား နှစ်ရာလောက် လေကြောင်းကနဲ့ စစ်ကူပို့တာမျိုးတွေတောင် ပြန်လုပ်လာတယ်။ ဒါမျိုး သူတို့ မလုပ်နိုင်တာ ကြာပြီ” ဟု စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေး ရဲဘော်များ ထိန်းချုပ်ထားရာ နေရာတစ်ခု၌ နေထိုင်သူ တစ်ဦးက ပြောသည်။
သို့သော် ရက္ခိုင့်တပ်တော်၏ ထိုးစစ်ကြောင့် စစ်ကောင်စီတပ်အတွက် အနောက်မြောက်လွင်ပြင် ဒေသအား ကြီးမားသည့် ထိုးစစ်များတော့ ပြုလုပ်လာနိုင်ခြင်း မရှိသေးပေ။ ရခိုင်ပြည်၌ ရက္ခိုင့်တပ်တော်က စစ်တွေမြို့အနီးရှိ ရသေ့တောင်မြို့ အနီးထိ ထိုးစစ်ရောက်လာခဲ့ပြီး ဗမာစစ်တပ်က ကြည်း၊ ရေ၊ လေ သုံးခုပေါင်း၍ ခံစစ်ဆင်နေသည့်တိုင် ရှုံးနိမ့်နေဆဲပင် ဖြစ်သည်။
ရေကြောင်းတိုက်ပွဲများအတွင်း စစ်ရေယာဥ် ကိုးစင်းအား ရက္ခိုင့်တပ်တော်က ဖျက်ဆီးနိုင်ခဲ့သလို ရဟတ်ယာဥ်တစ်စင်းအား ပစ်ချထားနိုင်ခဲ့သည်ကို တွေ့ရသည်။ ထို့အတူ စစ်ကောင်စီ၏ တပ်ရင်း ဆယ်နှင့်ချီပြီး ချေမှုန်းနိုင်ထားခဲ့သလို ရာနှင့်ချီသည့် စစ်ကောင်စီတပ်ဖွဲ့များကလည်း လက်နက်ချ၊ ထွက်ပြေးမှုများ ရှိထားသည်။
ရခိုင်စစ်မျက်နှာ၌ ရက္ခိုင့်တပ်တော်က ပြည်နယ်မြို့တော် စစ်တွေအား သိမ်းပိုက်နိုင်ရန် အလားအလာကောင်းများ ရှိလာပြီဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က စစ်တွေအား အသေခံ ခုခံရန် ပြင်ဆင်နေသည်။
အကယ်၍ စစ်တွေမြို့အား ရက္ခိုင့်တပ်တော်က သိမ်းပိုက်နိုင်ခဲ့ပါမူ စစ်ကောင်စီတပ်၏ အင်အားမှာ တစ်သိန်းအောက်သို့ နောက်ထပ် သောင်းဂဏန်း ထပ်မံ လျော့ကျသွားဖွယ် ရှိနေခြင်း ဖြစ်သည်။
” ဗိုလ်ချုပ် ထွန်းမြတ်နိုင်က ရက္ခိတ လမ်းစဥ်ကိုပဲ အကောင်အထည်ဖော်နေတာ။ ဒီတော့ စစ်တွေမရဘဲ ဒီတစ်ချီ လက်လျှော့မှာ မဟုတ်ဘူး” ဟု ရန်ကုန်မြို့ရှိ စစ်ရေးလေ့လာသူ တစ်ဦးက ခန့်မှန်းသည်။
လက်ရှိ EROs တပ်ဖွဲ့များအနက် UWSA ပြီးလျှင် အင်အားအကောင်းဆုံးဖြစ်လာခဲ့သည့် ရက္ခိုင့်တပ်တော်၏ ထိုးစစ်က ၁၀၂၇ စစ်ဆင်ရေးအပြီး၌ စစ်ကောင်စီတပ်အား ဆိုးဆိုးရွားရွား အထိနာစေလျှက် ရှိနေသည်။
ရှမ်းမြောက်နှင့် ရခိုင် စစ်မျက်နှာက အချိန်တိုတွင်း စစ်ကောင်စီအား အထိနာစေခဲ့သော စစ်မျက်နှာများ ဖြစ်သော်လည်း ပြီးခဲ့သည့် သုံးနှစ်အတွင်း စစ်ကိုင်း၊ မကွေး၊ ကရင်နီ၊ ကရင်နှင့် ကချင် စစ်မျက်နှာများကလည်း ဗမာစစ်တပ်၏ စစ်သားသောင်းနှင့်ချီအား ချေမှုန်းထားနိုင်ခဲ့သည်။
ISP Myanmar ၏ စစ်တမ်းအား ကိုးကားပြီး လက်ရှိ အခြေအနေနှင့် ပေါင်းစပ်တွက်ကြည့်လျှင် စစ်ကောင်စီတပ်၌ စစ်သား ရှစ်သောင်း ၀န်းကျင်သာ ကျန်ရှိတော့သည့် သဘောဖြစ်သည်။
သို့သော် လျှို့ဝှက်လွန်းသည့် ဗမာစစ်တပ်၏ သဘောတရားအရ ၄င်းတို့၏ ပကတိ စစ်အင်အားကို အတိအကျ ခန့်မှန်းနိုင်ရန် ခက်ခဲမည်ဖြစ်သည်။
” ရှမ်းပြည်မှာတင် ဒီကောင်တွေ ရှစ်သောင်းလောက် ဖြန့်ထားနိုင်တုန်းပဲ။ အခုလက်ရှိကို တစ်သိန်းခွဲလောက်တော့ ကျန်နိုင်သေးတယ်။ ပျူတွေလည်း ရှိသေးတယ်” ဟု မဲဆောက်မြို့တွင် နေထိုင်နေသည့် တော်လှန်ရေး ရဲဘော်ဟောင်းတစ်ဦးက ပြောသည်။
အဓမ္မစစ်သား စုဆောင်းရေး ဥပဒေ
ရက္ခိုင်ပြည်အား လက်လွှတ်ရန် များလာနေသည့် အခြေအနေက စစ်ကောင်စီ၏ အရှုံးကို ပို၍ ကွဲပြား သိသာလာစေသည်။ အရှက်တကွဲ ရှုံးနိမ့်မှုများ ဆက်တိုက် ဖြစ်လာချိန် စစ်ကောင်စီသည် ယခု ပြည်သူ့စစ်မှုထမ်း ဥပဒေအား အတည်ပြုလိုက်ခြင်း ဖြစ်သည်။
အဆိုပါ ဥပဒေအား စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေက ပြဋ္ဌာန်းရန် ကြံခဲ့ဖူးပြီး ယခု စစ်ရှုံးနေချိန် စစ်ခေါင်းဆောင်က အတည်ပြုလိုက်ခြင်း ဖြစ်သည်။ ISP Myanmar က အဆိုပါ ဥပဒေ ပြဌာန်းခြင်းသည် တစ်နှစ်အတွင်း စစ်သား ခြောက်သောင်း စုဆောင်းပြီး စစ်အာဏာမသိမ်းမီက ရှိခဲ့သည့် စစ်အင်အားကို ပြန်လည် ရရှိရန် ရည်ရွယ်သည်ဟု သုံးသပ်ထားသည်။
စစ်ကောင်စီက အဆိုပါ ဥပဒေအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ပြဌာန်းပြီးနောက် လျင်လျင်မြန်မြန်ပင် လက်တွေ့အကောင်အထည် ဖော်မှုများကို ပြုလုပ်လာနေသည်။ ရက်ပိုင်းအတွင်း ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့ကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပြီး လူစာရင်းများ စကောက်လာခဲ့သည်။
စစ်ကောင်စီ ပြောခွင့်ရက လာမည့် ဧပြီလ သင်္ကြန်အပြီးတွင် အမှတ်စဥ် ၁ အတွက် လူ ၅၀၀၀ အား စတင်ခေါ်ယူမည်ဟု ပြောထားသည်။ ထို့နောက် တစ်နှစ်အတွင် အပတ်စဥ် ခြောက်ခုကို ခေါ်ယူမည်ဖြစ်ရာ စုစုပေါင်း တစ်နှစ်အတွင်း စစ်သားသစ် ခြောက်သောင်း ရရှိသွားမည့် ပုံစံမျိုး ဖြစ်သည်။
” စစ်ရှုံးနေတော့ ရှုံးမဲမဲ မဲတာပဲ။ သင်္ကြန်အပြီး စမယ်ပြောပေမယ့်။ စစချင်း အမျိုးသားတွေ လူငါးထောင်နဲ့ စမယ်ပေါ့ဗျာ။ ဒါက ပြည်သူ့လူထုအပေါ်မှာ စစ်ကျွန်ပြုမယ့် ဥပဒေဖြစ်တယ်။ ပေါ်တာဆွဲဖို့အတွက် လိုင်စင်ထုတ်ပေးသလိုပဲ။ အခုတောင် ပေါ်တာတွေ ဆွဲနေပြီ။ ပြန်ပေးဆွဲတဲ့ ဥပဒေ၊ ဓားစာခံအတွက် သီးသန့်ထုတ်ပေးတဲ့ ဥပဒေမျိုး “ ဟု နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
ပြဋ္ဌာန်းထားမှုအရ အသက် ၁၈ နှစ်မှ အသက် ၄၅ နှစ်အတွင်းရှိ အမျိုးသား ၆ သန်းကျော်နှင့် အသက် ၁၈ နှစ်မှ အသက် ၃၅ နှစ်အတွင်း အမျိုးသမီး ၇ သန်းကျော်သည် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ စစ်သားစုဆောင်းမည့် စာရင်းထဲတွင် ပါဝင်လျှက် ရှိနေသည်။
“ နိုင်ငံမှာ သူတို့က ပြည်ပရန် ကာကွယ်ဖို့ မဟုတ်ဘဲနဲ့ ကိုယ်လုပ်လို့ အသုံးမကျတဲ့ဟာကို လူတွေ အားလုံးကို ဆွဲထည့်တဲ့ ကိစ္စ၊ ငါတို့ သင်္ဘာမြုပ်နေပြီ၊ မင်းတို့အားလုံး လာဆိုပြီး ဆွဲထည့်တဲ့ ကိစ္စကတော့ အဲ့ဒါအတွက်တော့ ပြင်ဆင်ထားရမယ်။ ဘယ်နည်းနဲ့မှတော့ စစ်တပ်ထဲ ၀င်လို့ မရဘူး။ ဘယ်နည်းနဲ့မှတော့ ဒီ စစ်တပ်ထဲ ၀င်ပြီး လက်နက်ကိုင်မယ်ဆိုတာ ဖြစ်လို့ မရဘူး” ဟု အဆိုပါ ဥပဒေအား မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က ဝေဖန်ပြောဆိုသည်။
အိပ်မက်များ ဖျက်ဆီးခံရပြန်သည့် လူငယ်များ
စစ်အာဏာသိမ်းမှုက မြန်မာလူငယ်များ၏ ဘ၀ မျှော်လင့်ချက် အိပ်မက်များကို ဖျက်ဆီးပစ်ခဲ့ပြီး ဖြစ်သည်။ ယခု စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းလိုက်ခြင်းက အိပ်မက်ပျောက်နေသော လူငယ်များအား ချောင်ပိတ်ရိုက်သလို ဖြစ်လာခဲ့ပြီ ဖြစ်သည်။
ဖေဖော်ဝါရီ ၁၀ ရက်က စစ်ကောင်စီ၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းလိုက်ချိန်၌ လူငယ်များအတွက် ၄င်းတို့အတွက် မြန်မာနိုင်ငံမှာ မည်သည့် မျှော်လင့်ချက်မျှ မရနိုင်တော့သည့် ငရဲပြည်သဖွယ် ထင်မှတ်ကုန်၏။
“ ဒီ အစွန်းရောက် စစ်မိစ္ဆာတွေက ၂၀၂၁ တုန်းကလည်း လူထုရဲ့ တိုင်းပြည်ရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့ပြီးပြီ။ လူငယ်တွေရဲ့ အနာဂတ်ကိုလည်း ဖျက်ဆီးခဲ့ပြီးပြီ။ အဲ့ဒါကို အခု ထပ်ဖျက်ဆီးပြန်တယ်။ လူငယ်တွေအတွက် အလွန်တရာကို စပ်ဆုတ်ရွံရှာတာတွေ နာကျည်းစရာတွေ ဖြစ်လာရတာပေါ့” နိုင်ငံရေးအကျဥ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က ပြောသည်။
အဆိုပါ ဥပဒေ အတည်ပြုပြီးနောက် မြို့ပြရှိ ငွေကြေးတတ်နိုင်သော လူငယ်များက ပြည်ပသို့ ကသုတ်ကရိုက် ထွက်ခွာကုန်သည်။ ၄င်းတို့သည် အလုပ်အကိုင် မျှော်လင့်ချက်များ မယ်မယ်ရရ မရှိဘဲ စစ်ကောင်စီတပ်ထဲ မ၀င်လို၍ နိုင်ငံကို စွန့်ခွာကုန်ခြင်း ဖြစ်သည်။
သို့သော် ငွေကြေး မတတ်နိုင်သော လူငယ်များအတွက်မူ ရွေးချယ်ရန် လမ်းမရှိ၊ စစ်ကောင်စီတပ်က ဆင့်ခေါ်လာမည့် အချိန်အား ကျီးလန့်စာစား စောင့်နေရန် ဖြစ်လာသည်။
မိသားစုအား စောင့်ရှောက်ရန် တာ၀န်များ ရှိသည့် လူငယ်များအတွက်လည်း မိသားစုအား ဖမ်းဆီးမည်ဟု ပြဋ္ဌာန်းထားခြင်းကြောင့် ထွက်ပေါက်ပိတ်နေသော နိုင်ငံထဲ ဆက်၍ နေထိုင်နေရလျက် ရှိသည်။
” ဘယ်ကိုမှ သွားလို့မရဘူး။ ကျတော့်မှာ ပိုက်ဆံလည်း မချမ်းသာဘူး။ အဖေနဲ့ အမေလည်း ရှိသေးတယ်။ ကျတော် ဘာလုပ်ရမှန်းကို မသိတော့ဘူး” ဟု ရန်ကုန်မြို့ခံ လူငယ်တစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်၏ ရက်စက်ကြမ်းကြုတ်မှုများအား ပိုမို ခါးစည်းခံနေရသည့် စစ်ကိုင်းတိုင်းကဲ့သို့ ဒေသများမှ လူငယ်များအတွက်မူ ရွေးစရာ လမ်းက ပြတ်ပြတ်သားသား ပေါ်ထွက်လာခဲ့သည်။ စစ်ကောင်စီ တပ်ထဲ အတင်းအဓမ္မ ၀င်ရမည်ထက် ၄င်းတို့ကို လက်နက်ကိုင် တော်လှန်ရန်အတွက်ကိုသာ ရွေးချယ်လာကြတော့ခြင်း ဖြစ်သည်။
စစ်ကောင်စီက စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့များက တန်ပြန်အနေဖြင့် လူငယ်များအား လက်နက်ကိုင်တော်လှန်ရေးထဲ ၀င်ရောက်ရန် ဖိတ်ခေါ်လာခဲ့ကြသည်။
“ သူတို့ ဆက်သွယ်လာကြတယ်။ ကျတော်တို့ တောဆင်ရိုင်းဆိုလည်း တောဆင်ရိုင်း အလျောက်ပေါ့ဗျာ။ နေရာ ဒေသ အသီးသီးကနေ ဆက်သွယ်လာကြတယ်။ ဆက်သွယ်လာတဲ့သူတွေကို ကျတော်တို့က မင်းတို့ ကျန်းမာရေး ကောင်းရမယ်။ အိမ်မှာနေသလို နေလို့မရဘူး ။ ဒါတွေကို လက်ခံနိုင်ရင် လာခဲ့ဆိုတော့ လာကြတာ အများကြီးပဲ။ ကျတော်တို့ စိစစ်လက်ခံပေးနေတာ တစ်ချို့ဆို တာ၀န်စ ထမ်းဆောင်နေတာတောင် ရှိနေပြီ “ ဟု မန္တလေးတိုင်း အခြေစိုက် တောဆင်ရိုင်းပြောက်ကျား တော်လှန်ရေးအဖွဲ့မှ ကိုမျက်ပြူးက ပြောသည်။
အဓမ္မ စစ်သားစုဆောင်းရေး ဥပဒေ အတည်ဖြစ်ပြီး ဘာတွေ ဖြစ်လာသလဲ
စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်း ဥပဒေ အတည်ပြုလိုက်ပြီးနောက် ရန်ကုန်မြို့ကဲ့သို့ မြို့ကြီးများတွင်ပင် လူငယ်များ ပေါ်တာဆွဲခံရသည့်ဟု ယူဆရသည့် ဖြစ်စဥ်များ ဖြစ်လာနေသည်။
အထူးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းရာ ဒေသများ၌ အစုလိုက် အပြုံလိုက် ဖမ်းဆီးခံရပြီး စစ်သားစုဆောင်းရေးဆီ ပို့ဆောင်ခြင်း ခံရသည့် ဖြစ်စဥ် အများအပြား ဖြစ်လာသည်။
လွတ်လပ်သော သတင်းဌာနများ၏ သတင်းတင်ရှိထားမှုများအရ ဖေဖော်ဝါရီ ၁၀ ရက်နောက်ပိုင်း စစ်ကိုင်း၊ ဧရာဝတီ၊ ရန်ကုန်၊ မန္တလေး စသည့် ဒေသများ၌ လူငယ်သုံးရာကျော် ပေါ်တာဆွဲခံရသည်ဟု ယူဆရသည့် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းကို ခံထားရသည်။
“ လူငယ်လူရွယ်တွေက ပြင်ဆင်ဖို့ကတော့ စိတ်ပိုင်းဆိုင်ရာရော ကျတော်တို့က ဒီ လူကိုယ်တိုင်က သွားလာလှုပ်ရှားနိုင်တာတော့ ပြင်ဆင်ထားရမှာပေါ့ဗျာ။ ဒီ အချိန်မှာ ဘယ်သူ့မှ မေးချိန်ရမယ်လို့ မထင်ပါဘူး။ သတင်းတွေထဲမှာ ပါသလိုပေါ့ လက်ဖက်ရည်ဆိုင်မှာ ကားလာရပ်ပြီး ဝုန်းဆို အရင်တုန်းက ပေါ်တာ ဆွဲသလို ရန်ကုန်မှာ မြို့လယ်ခေါင်မှာ လုပ်ဖို့ကို ဒီကောင်တွေဟာ မရိုးမသားနဲ့ လုပ်တဲ့ ကိစ္စ ဖြစ်တယ်ပေါ့နော်” ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ အလုပ်သမား သမဂ္ဂ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးမောင်မောင်က သတိပေးသည်။
ထို့အပြင် အလုပ်သမားများ အကြား၌လည်း အဆိုပါ ဥပဒေကြောင့် အထိတ်တလန့် ဖြစ်ကုန်သည်။ လုပ်ငန်းရှင်များအတွက်လည်း အကျပ်ရိုက်စရာ အခြေအနေများ ကြုံလာရသည်။ အလုပ်လုပ်ကိုင်နိုင်သည့် အရွယ် လူငယ်များအား ပစ်မှတ်ထားနေခြင်းကြောင့် ကုန်ထုတ်စွမ်းအားများ ကျဆင်းလာနိုင်ပြီး စီးပွားရေး ထပ်မံကျဆင်းမည့် အရေးကိုလည်း ရင်ဆိုင်နေရပြီဟု ဦးမောင်မောင်က သုံးသပ်သည်။
“ ဒါကြောင့် လုပ်ငန်းခွင်တိုင်း ထိခိုက်မှာပါ။ လုပ်ငန်းခွင်ထိခိုက်မယ် ကုန်ထုတ်စွမ်းအား ကျသွားမယ်။ ကျတဲ့ အချိန်မှာ တစ်ခါတည်း ထပ်ပြီးတော့ အဲ့ဒီမှာ ကုန်စျေးတက်တာတို့ ကုန်ထုတ်လုပ်မှု ကျဆင်းတော့ တိုင်းပြည်၀င်ငွေ မရှိတော့ဘူး ဖြစ်မယ်။ ဒါတွေ အားလုံးက မင်းအောင်လှိုင်ကတော့ အကုန်လုံးကို တိုက်ခိုက်လိုက်ပြီ။ သူ့ကိုပဲ ပြန်ထိမှာ ဆိုတာတော့ ကျတော် ပြောချင်ပါတယ်” ဟု ၄င်းက ပြောသည်။
ဘယ်သူတွေကို အရင်ခေါ်မှာလဲ
စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကြောင့် လူငယ်တိုင်းလိုလို စိတ်ပျက်ကြောက်လန့်နေကြသော်လည်း နိုင်ငံရေး ကျွမ်းကျင်သူများက စစ်ကောင်စီ အနေဖြင့် CDM ဝန်ထမ်းများအား ဦးတည် ရှာဖွေကာ အတင်းအဓမ္မ တပ်ထဲ သွင်းရန် ပြုလုပ်နိုင်သည်ဟု ခန့်မှန်းသည်။
စစ်အာဏာသိမ်းမှုအား ဆန့်ကျင်ကာ CDM လုပ်လျက်ရှိနေဆဲ ဝန်ထမ်း လေးသိန်းကျော် ရှိပြီး ၄င်းတို့ နေရာ၌ အစားထိုးရန် ကျွမ်းကျင်ဝန်ထမ်း မရှိသဖြင့် စစ်ကောင်စီသည် ၄င်းတို့၏ အုပ်ချုပ်ရေး ယန္တယားကို အောင်မြင်အောင် မလုပ်ထားနိုင်ခဲ့ပေ။
” ဒီ ဥပဒေ ထုတ်တာ လူငယ်တွေကိုသာမက CDM တွေကိုလည်း ကြောက်ပါတယ်။ အခု သူတို့ မတရား အလုပ်ဖြုတ်လိုက်တဲ့ CDM လူ လေးသိန်းနီးပါးက ပြည်တွင်းမှာပဲ ရှိနေတယ်။ ပြည်တွင်းမှာ ရှာကြံ စားသောက်ပြီးတော့ နေနေတဲ့ လူတွေကနေပြီးတော့ ပြန်လည်ပြီး သူတို့ကို ဦးညွတ်မလာဘူး၊ ဦးကျိုးမသွားဘူး။ ဆက်လက်ပြီးတော့ ကြံ့ကြံ့ခံ ဆန္ဒပြနေတယ်ဆိုတဲ့ ကိစ္စက သူတို့ တော်တော် ဒုက္ခရောက်ပါတယ်” ဟု CTUM ဥက္ကဌဋ္ဌဦးမောင်မောင်က သုံးသပ်ပြောဆိုသည်။
စစ်မှုထမ်း ဥပဒေအရ ယာယီ ကင်းလွတ်နိုင်သူများထဲတွင် ကျောင်းသားများ၊ မိဘလုပ်ကျွေးနေသူ၊ မသန်စွမ်းများ၊ ကျန်းမာရေး မကောင်းသူများ၊ စိတ်ပေါ့သွပ်သူများနှင့် ပြစ်ဒဏ်ကျခံနေသူများ ပါဝင်နေသည်။
သို့ဖြစ်ရာ အလုပ်အကိုင် ရှားပါးမှုကြောင့် အလုပ်လက်မဲ့ ဖြစ်နေရသည့် လူငယ်များမှာလည်း စစ်ကောင်စီ၏ တပ်ထဲသွင်းမည့် အစီအစဥ်ထဲ ပထမဆုံး ပါဝင်သူများ ဖြစ်လာဖွယ်ရှိနေပြီး ပေါ်တာဆွဲသည့် သတင်းများက အဆိုပါ အခြေအနေအား သက်သေပြလျက် ရှိသည်။
စစ်ကောင်စီ၏ အကြံကို ဘယ်လိုဖျက်မလဲ
၂၀၂၀ ခုနှစ် အရပ်သား အစိုးရ ရှိခဲ့စဥ်က ဗိုလ်ချုပ်ဇော်မင်းထွန်းက စစ်ခေါင်းဆောင်၏ သဘောထားဟုဆိုကာ ထုတ်ပြောဖူးသည့် အချက်တစ်ခု ရှိသည်။ ယင်းမှာ နိုင်ငံတည်ငြိမ်မှ စစ်မှုမထမ်း မနေရ ဥပဒေကို အတည်ပြု ပြဋ္ဌာန်းသင့်သည်ဟူ၍ ဖြစ်သည်။
သို့သော် ကတိသစ္စာ မတည်မြဲတတ်သည့် စစ်ဗိုလ်ချုပ်များ၏ ပုံစံအတိုင်းပင် စစ်ရှုံးနေသည့် အချိန်၊ စစ်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်နေချိန်တွင်မှ ယခု ပြည်သူ့စစ်မှုထမ်း ဥပဒေကို ပြဌာန်းလာခြင်း ဖြစ်သည်။ ယင်း ဥပဒေ ပြဋ္ဌာန်းပြီးနောက် မကြာမီ စစ်ကောင်စီ ပြောခွင့်ရက ၄င်းတို့သည် အဆိုပါဥပဒေအား အချက်သုံးချက်ကြောင့် ပြဋ္ဌာန်းရခြင်းဟု ဆိုသည်။
ပထမအချက်အနေဖြင့် ခန့်ညားသော ကာကွယ်ရေး အင်အား ရရှိရန်၊ ဒုတိယအချက် နိုင်ငံတည်ငြိမ်အေးချမ်းရန်နှင့် သုံးအချက် ဒီမိုကရေစီ ရွေးကောက်ပွဲများ ဖြစ်လာရေးဟူ၍ ဖြစ်သည်။ သို့ဖြစ်ရာ ပထမအချက်ကို ကြည့်လျှင် စစ်ကောင်စီသည် ၄င်းတို့၏ အင်အားကို ပြန်လည်ဖြည့်တင်းရန် ဆိုသည်ကို မြင်တွေ့ရသည်။
ဒုတိယအနေဖြင့် အင်အားပြည့်ပြီးနောက် နိုင်ငံတည်ငြိမ်ရေးဟု အမည်တပ်ကာ ၄င်းတို့ ဆုံးရှုံးခဲ့သည့် နယ်မြေများအား ပြန်လည် သိမ်းပိုက်ကျူးကျော်ရန် ကြိုးစားမည် ဖြစ်သည်။ ယင်းနောက် ၂၀၀၈ စစ်ကျွန်ဥပဒေဖြင့် ရွေးကောက်ပွဲ လုပ်ကာ ၄င်းတို့ စိတ်ကြိုက် အုပ်ချုပ်ရန်ပင် ဖြစ်သည်။
အဆိုပါ အခြေအနေ ဖြစ်မလာစေရန်မှာ EROs များ အပါအ၀င် တော်လှန်ရေးအင်အားစုများအားလုံး ညီညီညွတ်ညွတ်ဖြင့် တပ်ပေါင်းစုဖွဲ့ကာ စစ်ကောင်စီအား အမြန်ဆုံး တိုက်ထုတ်ရန်လိုပြီဟု ဦးထွန်းကြည်က သုံးသပ် တိုက်တွန်းသည်။
“ EROs တွေရော၊ NUG ရော၊ local PDF တွေရော အားလုံးပေါင်းပြီး တပ်ပေါင်းစု မဟာမိတ် အမြန်ဆုံးဖွဲ့ဖို့ လိုနေပြီ။ ဒီ စစ်မိစ္ဆာတွေကို ညီညီညွတ်ညွတ်နဲ့ ချဖို့ လို့ပြီ” ဟု ၄င်းက ပြောသည်။
ထို အခြေအနေ ဖြစ်လာရန်မှာလည်း လတ်တလောကာလတွင် ဖြစ်လာနိုင်ရန် မရှိသေးပေ။ သို့ဖြစ်ရာ လူငယ်များအနေဖြင့် စစ်ကောင်စီတပ်ထဲ မရောက်ရေး မဖြစ်ဖြစ်သည့်နည်းဖြင့် ကြိုးစား ရှောင်ထွက်ရန် လိုသည်ဟု CTUM ဥက္ကဋ္ဌ ဦးမောင်မောင်က တိုက်တွန်းပြောဆိုခဲ့သည်။
“ ကျတော် လက်နက်မကိုင်ချင်ဘူး၊ စစ်တပ်ထဲလည်း မ၀င်ချင်ဘူး၊ ဒီဘက်မှာ ရှိတဲ့ တပ်ထဲလည်း မ၀င်ချင်ဘူး။ ဒါကြောင့်မိုလို့ ခိုလှုံအနေနဲ့ နေချင်ပါတယ်ဆို နေလို့ ရတဲ့ အနေအထားလည်း ရှိတယ်။ တိုင်းရင်းသား ဒေသထဲမှာလည်း အေးအေးချမ်းချမ်း နေလို့ရတဲ့ ဒေသလည်း ရှိပါတယ်။ ဗုံးသံတော့ ကြားနေရတာပေါ့ဗျာ။ အမြောက်နဲ့ ပစ်တဲ့ အသံတွေတော့ ကြားနေရတာပေါ့ဗျာ။ အဆင်မသင့်တဲ့ အခါတော့ ဗုံးလာကြဲချင် ကြဲမှာပေါ့။ ဒါပေမယ့် ဒီဟာက နေ့တိုင်းမဖြစ်ဘူး။ စစ်တပ်က နေ့တိုင်း ဒုက္ခပေးမယ်ဆိုတဲ့ ကိစ္စဖြစ်တော့ ကိုယ်ကတော့ စိတ်ပိုင်းဆိုင်ရာကိုတော့ ကိုယ်တိုင်ရော မိသားစုရော ပြင်ထားဖို့ လိုတယ်။ ဒီ စစ်အုပ်စုလက်ထဲတော့ ဘယ်လိုနည်းနဲ့မှ မ၀င်ပါနဲ့။ အရောက်ခံလို့ မရဘူးဆိုတာကိုတော့ ကျတော် တင်ပြထားချင်တယ်” ဟု ဦးမောင်မောင်က ပြောသည်။