ယနေ့ကမ္ဘာတွင် ရာသီဥတု သိသိသာသာပြောင်းလဲလာခြင်းအပေါ် လူသားကမ္ဘာဂြိုလ်အတွက် အနာဂတ်၏ ကြီးမားသော ခြိမ်းခြောက်မှုအဖြစ် အားလုံးက သတ်မှတ်ထားကြသည်။ ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတု၏ စိန်ခေါ်သံသည် သာမန်သတ်မှတ်၍ မရနိုင်တော့ဘဲ နိုင်ငံအဆင့်အထိပါ အရေးပါလာခဲ့သည်။
ဥရောပ ပတ်ဝန်းကျင်ဆိုင်ရာ အေဂျင်စီ (EEA) ၏ ၂၀၁၈ ခုနှစ်က ထုတ်ပြန်ထားသည့် စစ်တမ်းအရ အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို နိုင်ငံအများစုက ကျင့်သုံးပြီး တိုးလာသည့် အရေအတွက်များလည်း ရှိနေသည်ဟု သိရှိရသော်လည်း ပြတ်သားသည့် တိုးတက်မှုပုံစံမျိုးတော့ မဟုတ်ခဲ့ပေ။
ကမ္ဘာတွင် ရာသီဥတုပြောင်းလဲမှုဆိုင်ရာအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများက ကောင်းမွန်သည့်ဗျူဟာများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရင်းမှ ကိုဗစ်ကပ်ရောဂါကြောင့် အကောင်အထည်ဖော်နိုင်ရေးများ နှောင့်နှေးသွားခဲ့ရသည်။ အဆိုးဆုံးမှာ ကပ်ရောဂါအပြင် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အပြောင်းအလဲ ရေစီးများက ပြင်းပြင်းထန်ထန် ဖြစ်ပေါ်လာခဲ့ခြင်းပင်ဖြစ်သည်။
အရှေ့တောင်အာရှမှ မြန်မာနိုင်ငံသည်လည်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ရေစီးများ ကပြောင်းကပြန်ဖြစ်ပေါ်လာရာမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကဏ္ဍများနှင့် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကဏ္ဍများပါ အားလျော့သွားခဲ့ရသည်။ ကိုဗစ်ကပ်ရောဂါကြောင့် ဆုံးရှုံးမှု၊ ဒေသတွင်း ပဋိပက္ခစစ်ပွဲများနှင့် စီးပွားရေးကျဆင်းမှုများက မြန်မာနိုင်ငံကို ပြင်းပြင်းထန်ထန် ရိုက်ခတ်လျက် ရှိနေသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဏာသိမ်းစစ်တပ်အကြား အားပြိုင်မှုများမှ ဖြစ်ပေါ်လျက်ရှိသည့် ပဋိပက္ခများအကြားတွင် နိုင်ငံအတွက် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု လျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များသည် မည်သို့ မည်ပုံ အသက်ဝင်နေသလဲ ဆိုသည်မှာ စိတ်ဝင်စားစရာကောင်းလှသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် ၂၀၂၀ ပြည့်နှစ်က ပြီးစီးခဲ့သည့် အစီရင်ခံအရ ပါရီသဘောတူချက်၏ ရည်မှန်းချက်ဖြစ်သော ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီစင်တီဂရိတ်အောက် ကောင်းမွန်စွာ ထိန်းချုပ်နိုင်ရန်အတွက် ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် လိုက်လျောညီထွေ ရှိစေရေး ကတိကဝတ်များကို ရည်ရွယ်ချက်မြင့်မားစွာချမှတ်ပြီး အကောင်အထည် ဖော်လျက်ရှိသည်ဟု အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က “မတူကွဲပြားသော ဝတ္တရားများနှင့် သက်ဆိုင်ရာစွမ်းဆောင်ရည်များအလိုက် အကောင်အထည်ဖော်ရမည့် ဘုံအခြေခံမူ”နှင့် ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရည်မှန်းချက်များ ထားထားကြောင်း အသိပေးထားသည်။
သို့သော် NUG အစိုးအနေဖြင့် မြေပြင်တွင် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အားသွန်ခွန်စိုက်ပြုလုပ်ရန် မဖြစ်နိုင်သေးဘဲ အွန်လိုင်းမှ အသိပေးမှုများ၊ သက်ဆိုင်ရာ နယ်မြေတချို့တွင် အဖွဲ့အစည်းတချို့နှင့် ချိတ်ဆက် လုပ်ဆောင်ရန်သာ အခွင့်အခါသင့်သေးသည့် အနေအထားတွင် ရှိသေးသည်။ ထို့ကြောင့်လည်း “ပြည်သူသာလျှင် တိုင်းပြည်၏ အင်အားဖြစ်သည်”ဟု ရာသီဥတုကဏ္ဍနှင့် ချိတ်ဆက်ကာ အသိပေးထားသည်။
တစ်ဘက်တွင်လည်း အာဏာသိမ်းစစ်တပ်သည် ရာသီဥတုပြောင်းလဲခြင်းကဏ္ဍအတွက် ဖော်ဆောင်အကောင်အထည်ဖော်မှုများရှိနေသော်လည်း နိုင်ငံအကျပ်အတည်း၊ စီးပွားရေးအကျပ်အတည်းနှင့် ပဋိက္ခများ စသည့် စစ်မျက်နှာများကို ဖွင့်ထားရ၍ အားနည်းချက်များရှိနေကာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကဏ္ဍအတွက် တိုးတက်မှုများမရှိဘဲ ခက်ခဲမှုများ ရှိနေပုံပေါ်နေသည်။
မကြာသေးမီက တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်အတွင်းရှိ ဧရိယာအကျယ်အဝန်း (၃,၃၄၀)ဧကရှိသော နယ်မြေကို “မအိုင်ကျွန်းဒီရေတောကြိုးပြင်ကာကွယ်တော”အဖြစ် အာဏာသိမ်းစစ်ကောင်စီ၏ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက သတ်မှတ်ကြေညာကြောင်း အသိပေးထားသည်။ ယင်းသို့သတ်မှတ်ခြင်းသည် ဒီရေတော ဂေဟစနစ်ကို ရေရှည်တည်တံ့စေရန်နှင့် ကပ္ပလီပင်လယ်ပြင်မှာ ဖြစ်ပေါ်လာနိုင်သည့် သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် ကြိုတင်ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုခဲ့သည်။
ထို့အပြင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်အတွင်း ကျရောက်နေသည့် ဧရိယာအကျယ်အဝန်း (၃,၈၁၇) ဧကရှိသော နယ်မြေကို “ပေါက်မြောက်ပိုင်း(၁) ကြိုးပြင်ကာကွယ်တော”အဖြစ် သတ်မှတ်ကြောင်းလည်း ပြီးခဲ့သည့် ဩဂုတ်လအတွင်းက ကြေညာခဲ့ပြန်သည်။
ရည်ရွယ်ချက်အနေဖြင့် သစ်တောဖုံးလွှမ်းမှုဧရိယာ တိုးပွားလာစေရန်၊ ဒေသခံပြည် သူများအတွက် သစ်နှင့်သစ်တောထွက်ပစ္စည်းများ စနစ်တကျ ပိုမိုထုတ်ယူနိုင်စေရန်၊ ရာသီဥတုမျှတစေရန်နှင့် အနောက်ဘက်နှင့် အနောက်မြောက်ဘက် ပုံတောင်ပုံညာဒေသရှိ သစ်တောကြိုးဝိုင်းများအတွက် ကြားခံသစ်တောနယ်မြေအဖြစ် တည်ထောင်ထားရန် ရည်ရွယ်ခြင်းဖြစ်သည်ဟု အသိပေးထားသည်။
အထက်တွင်ဖော်ပြခဲ့သည့် လုပ်ဆောင်မှုများကို အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဏာသိမ်းစစ်တပ်တို့က နိုင်ငံရေးအကျပ်အတည်းကြားတွင် လုပ်ဆောင်နေသော်လည်း ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကဏ္ဍအတွက် သိသာထင်ရှားမှုများ မရှိခဲ့ပေ။
မီဒီယာများအထက်တွင်လည်း နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးသတင်းများသာ တွေ့ရှိနေရပြီး ရာသီဥတုကဏ္ဍသည် မှေးမှိန်ပျောက်ကွယ်နေခဲ့ရသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ လက်ရှိ အကျပ်အတည်းများကြောင့် ရာသီဥတုကဏ္ဍများတိုးတက်ဖော်ဆောင်ရေးလုပ်ငန်းများအတွက် မလှည့်နိုင်ဖြစ်နေခြင်းဖြစ်သည်ဟု ဆိုလိုခြင်းလည်းဖြစ်သည်။
“ကမ္ဘာဂြိုလ်ကြီး ပူလောင်နေတာကို တို့တွေလက်ပိုက်ကြည့်နေဖို့ အချိန်မရှိပါဘူး။ (နိုင်ငံအတွက်) ရွေးကောက်ပွဲတွေမှာ ရွေးချယ်ခံရရေးထက် ငယ်ရွယ်တဲ့လူငယ်တွေအတွက်က ရာသီဥတုပြောင်းလဲမှုကိစ္စမှာ ပိုလို့တောင် အရေးကြီးပါတယ်။ ဒါက ရှင်သန်ခြင်း သို့မဟုတ် သေဆုံးခြင်းဖြစ်နေလို့ပါ”ဟု အမေရိကန် နိုင်ငံရေးသမားနှင့် တက်ကြွလှုပ်ရှားသူ Alexandria Ocasio-Cortez က ရာသီဥတုပြောင်းလဲမှုသည် အရေးအလွန်သည့်အကြောင်းကို ထိုသို့ တင်စား ပြောဆိုဖူးသည်။
၂၀၉၉ ခုနှစ်တွင် ကမ္ဘာကြီးသည် ပျမ်းမျှ ၁ဒသမ၈ဒီဂရီ စဲဆီးရပ်မှ ၄ဒီဂရီစဲဆီရပ် အတွင်း ပိုမိုပူပြင်းလာမည်ဖြစ်ပြီး ယခုထက်စာလျှင် ကြီးမားသော ဧရိယာများ၊ မြေအချိုးအစားများ ပိုမိုခြောက်သွေ့လာမည်ဟု ကျွမ်းကျင်သူများက ခန့်မှန်းထားကြသည်။ အဆက်မပြတ် မိုးခေါင်ရေရှားမှုများသည်လည်း ၂၀၅၀ ခုနှစ်တွင် ၂ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိ တိုးလာမည်ဟုမျှော်လင့်ရပြီး တစ်ချိန်တည်းတွင် အလွန်အမင်း မိုးခေါင်ရေရှားမှု ခံစားရသည့် မြေအချိုးအစားများ တိုးလာမည်ဖြစ်ကြောင်း ခန့်မှန်းထားကြသည်။
ကမ္ဘာကျော် ဩစတြီးယား-အမေရိကန် သရုပ်ဆောင်အာနိုးကလည်း ““ကျွန်တော့်အနေနဲ့ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်တော်တော်များများမှာ သရုပ်ဆောင်ဖူးတယ်။ ရာသီဥတုပြောင်းလဲမှုကတော့ သိပ္ပံစိတ်ကူးယဉ်ဆန်ဆန် မဟုတ်ပါဘူး။ ဒါက တကယ့်ကမ္ဘာမှာ တိုက်ပွဲတစ်ခုလိုဖြစ်နေပြီး အခုချိန်မှာ ကျွန်တော်တို့ကို လွှမ်းမိုးနေပါတယ်”ဟု အသိပေးဖူးသည်။
ကမ္ဘာပေါ်ရှိ လူသိထင်ရှားဖြစ်သည့် နာမည်ကြီးသူများအနေဖြင့် အထက်တွင်ဖော်ပြထားသကဲ့သို့ ရာသီဥတုပြောင်းလဲလာမှုအပေါ် လူသားများ ပိုမိုစိတ်ဝင်စားစေလာကြရန် ဆွဲဆောင်ပြောဆိုမှုများပြုလုပ်ကြသလို တစ်ဘက်တွင် ၎င်းတို့ကိုယ်တိုင် ထိုကဏ္ဍများတွင် တက်ကြွစွာ လုပ်ဆောင်လျက်ရှိသော်လည်း နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေး ကဏ္ဍများတွင် အကျပ်အတည်း ဖြစ်နေသည့် မြန်မာနိုင်ငံအတွက်မူ ထိုကဲ့သို့ အရာများနှင့် အဝေးဆုံးတွင် ရှိနေပြီဟု ခံစားရသည်။
မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် ယခုအကျပ်အတည်းများ မရောက်ရှိလာခင် ကာလက ရာသီဥတုပြောင်းလဲခြင်း ကဏ္ဍတွင် အားသွန်ခွန်စိုက်ပြုလုပ်ခဲ့ကြသည့် လူငယ်များပင် အခက်အခဲပေါင်းဆုံးနှင့် ကြုံတွေ့နေကြရသည်။
“ လက်ရှိကတော့ ပြောရရင် သိပ်ထွေထွေထူးထူးလုပ်နေတာမျိုးတွေတော့မရှိဘူး။ လုပ်ဖြစ်တာတော့ တစ်ယောက်တည်းပဲ။ အတတ်နိုင်ဆုံး မလိုအပ်ဘဲ ကြွပ်ကြွပ်အိတ်မယူတာတို့၊ ဆိုင်သွားရင် ကိုယ်ပိုင် တူ ယူသွားတာတို့ စျေးသွားရင်အသားထည့်ဖို့ ဗူးယူသွားတာတို့လုပ်တယ်။ အဲတာလောက်နဲ့ရယ် နောင်တစ်ချိန်မှာ လိုအပ်ရင်အသုံးချလို့ရအောင် သင်တန်းတွေလိုက်တက်တာတို့ ဟောပြောပွဲတွေလိုက်တက်တာတို့လောက်ပဲ လုပ်ဖြစ်တယ်။ ကျန်တာကတော့ အမတို့တူတူလုပ်နေတဲ့သူတွေကလည်း ဝမ်းစာရေးဘက်ကို အဓိကလုပ်နေရတဲ့အတွက် ရာသီဥတုဘက်မှာ အရင်လို ပူးပေါင်းပြီး တူတူလုပ်ဖြစ်တာတွေမရှိဘူး ဖြစ်နေတယ်” ဟု မအိသဇင် (Inle Lake Young Ambassador) က လက်ရှိကာလအခက်အခဲကို ပြောပြသည်။
တစ်ဘက်တွင် ကမ္ဘာ့ကုလသမဂ္ဂအနေဖြင့် မြန်မာနိုင်ငံသည် သဘာဝဘေးဒဏ်ကြောင့် ကမ္ဘာပေါ်တွင် ထိခိုက်မှုအရှိဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည့်အတွက် ၎င်းတို့ လက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပြုလုပ်လျက်ရှိနေသည်။ အနာဂတ်နှစ်များတွင် ဖြစ်လာနိုင်သည့် ဘေးအန္တရာယ်အသစ်များအတွက် အထိခိုက်နိုင်ဆုံးနိုင်ငံတွင် မြန်မာနိုင်ငံက ပါဝင်လျက်ရှိနေသည်။
ထိုသို့ အခြေအနေများအတွက် မြန်မာသတင်းအချက်အလက် စီမံခန့်ခွဲမှုယူနစ် (MIMU) ကဲ့သို့ အဖွဲ့များအနေဖြင့် ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်နှင့် လူသားချင်း စာနာမှုဆိုင်ရာ ပေါင်းစပ် ညှိနှိုင်းရေးမှူး၏ စီမံခန့်ခွဲမှု အောက်တွင် ရှိသည့် ကုလသမဂ္ဂ နိုင်ငံဆိုင်ရာ အဖွဲ့နှင့် လူသားချင်း စာနာမှု နိုင်ငံဆိုင်ရာ အဖွဲ့တို့ကို ဝန်ဆောင်မှု ပေးခြင်းဖြင့် မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းအချက်အလက်များနှင့် ခန့်မှန်းချက်တချို့ကို အသိပေးထုတ်ပြန်ပေးလျက်ရှိနေသည်။
ယင်းအဖွဲ့က တွေ့ရှိထားသည့် အချက်အလက်များအရ မြန်မာနိုင်ငံသည် အသက်ဘေး၊ အသက်မွေးဝမ်းကျောင်းနှင့် ပစ္စည်းဥစ္စာများ သိသိသာသာ ဆုံးရှုံးခြင်းအပြင် သဘာဝဘေးအန္တရာယ်များကြောင့် မြန်မာနိုင်ငံ၏ တစ်နှစ်တာ GDP ၏ ၃ ရာခိုင်နှုန်းအထိ ကုန်ကျလာမှုများဖြစ်လာနိုင်သည်ဟု ခန့်မှန်းထားပြီး ရေရှည်အကျိုးသက်ရောက်မှုများမှာ ပိုမိုကြီးမားလာနိုင်သည်ဟုဆိုထားသည်။ ပြောင်းလဲလာသော ရာသီဥတုနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးယိုယွင်းမှုသည် မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်များ၏ အကြိမ်ရေနှင့် ပြင်းထန်မှုအပေါ် လွှမ်းမိုးလျက်ရှိပြီး ရေကြီးခြင်း၊ မုန်တိုင်းနှင့် မိုးခေါင်ခြင်းတို့သည် မကြာခဏနှင့် ပိုမိုပြင်းထန်လာမည်ဟု ခန့်မှန်းထားသည်။
ဒီရေတောများနှင့် သစ်တောများ ကဲ့သို့သော သဘာဝဂေဟစနစ်များ ဆုံးရှုံးခြင်း၊ နှစ်စဉ် ပျမ်းမျှ အပူချိန် မြင့်တက်လာခြင်းနှင့် မိုးရွာသွန်းမှု ပိုမိုပြင်းထန်ခြင်းတို့သည် မြန်မာနိုင်ငံ၏ လူဦးရေ အများအပြားအပေါ် သဘာဝဘေးအန္တရာယ်များအဖြစ် သက်ရောက်မှု တိုးမြင့်လာစေသည့် အကြောင်းရင်းများ ဖြစ်သည်ဟုလည်း အသိပေးထားသည်။
ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့ကဲ့သို့ လူနေထူထပ်ပြီး ကမ်းရိုးတန်းဒေသများအနေဖြင့် အခြားဒေသများထက် ပိုမိုကျယ်ပြန့်သော အပျက်အစီးများ ဖြစ်ပွားနိုင်သည့် အန္တရာယ်ရှိနေကြောင်းလည်း ယင်းအဖွဲ့၏ ၂၀၂၂ ခုနှစ် မေလတွင် ထုတ်ပြန်ထားသည့် အစီရင်ခံစာအရ သိရှိရသည်။ မြန်မာနိုင်ငံတွင် ဘေးအန္တရာယ်လျော့ပါးရေး၊ သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်နိုင်ရေးတို့အတွက် လှုပ်ရှားဆောင်ရွက်မှုများသည် လတ်တလောနှင့် ခန့်မှန်းထားသည့် သဘာဝဘေး အန္တရာယ်များအတွက် ဂရုတစိုက် ထည့်သွင်းစဉ်းစားသင့်သည်ဟု ဆိုထားသည်။
“အကျပ်အတည်းကြားမှာ ရာသီဥတု ကဏ္ဍက ပျောက်ကွယ်နေတယ်။ မြန်မာနိုင်ငံရဲ့ အခြေအနေ၊ ဆင်းရဲတာတွေရော၊ လူတွေရဲ့ နေ့စဉ်စားဝတ်နေရေးအတွက်ရောပေါ့။ အခုက အမတို့က ဖွံ့ဖြိုးမှုအဆင်းရဲဆုံးနိုင်ငံထဲမှာပေ့ါ။ အဲ့ဒီလို နိုင်ငံမှာ လူတွေရဲ့ အစိုးရိမ်ဆုံး အရာက ထမင်းနပ်မှန်အောင် မစားရမှာတွေ၊ စီးပွားရေးလုံးဝလုပ်လို့မရဘဲ ပျက်စီးသွားမှာတွေစတာတွေပေါ့။ စားဝတ်နေရေးကို အဓိက စိုးရိမ်တာပေါ့။ သူတို့ရဲ့ ကလေးတွေပညာရေးဆက်သင်ဖို့ စတာတွေမှာ အာရုံစိုက်ကြတာများတယ်။ နိုင်ငံရေးပတ်သက်တဲ့ ပြဿနာတွေဖြစ်တော့ ပိုပြီးဆိုးရွားကုန်တာပေါ့။ ရာသီဥတုပြောင်းလဲမှုမှာ အပူလှိုင်းတွေကြီးတယ်၊ ရေတွေကြီးတယ်ပေါ့။ အဲ့ဒါတွေဖြစ်တယ်ဆိုတဲ့ ခဏမှာပဲ သူတို့သိတယ်။ နောက်ပိုင်းမှာ ဘယ်လိုကာကွယ်ရမလဲတို့၊ ဒါတွေကိုနောက်မဖြစ်အောင် ဘယ်လိုလုပ်ရမလဲဆိုတာတွေကို အာရုံမထားနိုင်ကြဘူး”ဟု ကုလသမဂ္ဂ ကမ္ဘာလုံးဆိုင်ရာ ဂေဟဗေဒစနစ်ပြန်လည်ထူထောင်ရေး လူငယ် အသင်းအဖွဲ့မှ မသျှားသဲဟွိုင်က ပြောပြသည်။
အပြိုင်ဖြစ်နေသည့် နိုင်ငံရေးအခင်းအကျင်းနှင့် လက်ရှိအကျပ်အတည်းကာလတွင် ရာသီဥတုကဏ္ဍအတွက် လုပ်ဆောင်ရန်မှာ ခက်ခဲနိုင်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ အသိနှင့် (ဥပမာ-ပလက်စတစ်လျှော့သုံးခြင်း စသည့်) လုပ်ဆောင်နေရန်ကိုသာ အကြံပေးပြီး ရာသီဥတုနှင့် ပတ်သက်သည့် အကြောင်းအရာများကို အများသိအောင် ပြန်လည်မျှဝေခြင်းဖြင့်လည်း ကူညီပေးနိုင်ကြောင်းလည်း မသျှားသဲဟွိုင်က အကြံပေးသည်။
မကြာသေးခင်ကလည်း ပါကစ္စတန်နိုင်ငံတွင် ရေကြီးများ ဖြစ်ပေါ်ခဲ့ပြီး လူပေါင်း ထောင်ချီ သေဆုံးခဲ့ရပြီးနောက်မှာ စားနပ်ရိက္ခာ ပြတ်လပ်မှုများ ကြုံနိုင်သည့်အနေအထားနှင့် စိုးရိမ်နေရသည့် အခြေအနေများဖြစ်ပေါ်လျက်ရှိနေသည်။ ရေကြီးမှုများကြောင့် နိုင်ငံ၏ စိုက်ခင်း ၄၀ ရာခိုင်နှုန်းခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်းလည်း ပါကစ္စတန်အာဏာပိုင်များက အသိပေထားသည်။ နိုင်ငံ၏ သုံးပုံတစ်ပုံခန့်သည် ရေနစ်မြုပ်နေဆဲဖြစ်နေသေးသည်။
ရာသီဥတုဘေးသည် ကမ္ဘာ့လူသားများကို တိုက်ရိုက်အသိပေးမှုမရှိဘဲ ရုတ်တရက်ဝင်လာတတ်သည့် အခြေအနေများသာ ရှိတတ်သည်။ သို့သော် တဖြည်းဖြည်းနှင့် ထိုသို့ပျက်စီးမှုများဖြစ်ပေါ်နေရသည့် လက္ခဏာများကို နိုင်ငံတကာတွင်လည်းကောင်း၊ မိမိနေထိုင်သည့်နိုင်ငံတွင်ပင်လည်းကောင်း သတိပြုကြည့်လျှင် သိရှိနိုင်ပါသည်။ မြန်မာနိုင်ငံတွင်လည်း မကြာသေးခင်ကာလက ပြင်ဦးလွင်မြို့တွင် ရေကြီးမှုများ သိသိသာသာဖြစ်ပေါ်ခဲ့သည်။ ထို့နောက် တာချီလိတ်မြို့တွင်လည်း နှစ် ၄၀ အတွင်း အဆိုးဆုံး ရေဘေးနှင့် ကြုံတွေ့နေရကြောင်းကို မကြာသေးခင်ရက်ပိုင်းကပင် သတင်းဌာနများအထက်တွင် တွေ့မြင်သိရှိနေရသည်။
(၂၀၀၀-၂၀၁၉) ခုနှစ်များ၏ Global Climate Risk Index အညွှန်းကိန်းအရ မြန်မာနိုင်ငံသည် ရာသီဥတုဖောက်ပြန် ပြောင်းလဲမှုကြောင့် ဆိုးရွားပြင်းထန်သည့်အခြေအနေ အကြုံနိုင်ဆုံး ကမ္ဘာ့နိုင်ငံ (၁၀) နိုင်ငံစာရင်း၏ နံပါတ် (၂) နေရာတွင် ရှိနေသည်။ ထို့အပြင် ၂၀၅၀ ခုနှစ်တွင် ပင်လယ်ရေမျက်နှာပြင်သည် ၇၀ စီတီမီတာထိ မြင့်တက်လာနိုင်ပြီး လူသန်းပေါင်းများစွာအနေဖြင့် ရန်ကုန်နှင့် ကမ်းရိုးတန်းဒေသများမှ စွန့်ခွာပြောင်းရွှေ့ရနိုင်ကြောင်းလည်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံရုံးက အသိပေးထားဖူးသည်။
ထို့ကြောင့် လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်နိုင်ငံရေးအကျပ်အတည်းများကြားမှ နိုင်ငံ၏ ရာသီဥတုပြောင်းလဲခြင်းကဏ္ဍသည်လည်း အနာဂတ်တွင် ပြင်းပြင်းထန်ထန် ခံစားရနိုင်သည့် အခြေအနေများရှိနေသည့်အတွက် အမျိုးသားညီညွတ်ရေးအစိုးရနှင့် အာဏာသိမ်းစစ်တပ်တို့အကြား ယခုထက်ပိုမိုကောင်းမွန်သည့် လုပ်ဆောင်ချက်များဖြင့် မည်သို့ မည်ပုံ လှုပ်ရှားဆောင်ရွက်သွားမည်နည်းဆိုသည်မှာ နိုင်ငံရေး၊ စစ်ရေးနှင့် စီးပွားရေးတို့နည်းတူ အရေးပါလှကြောင်း တင်ပြလိုက်ရခြင်းဖြစ်ပါသည်။