အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် မိုးညိုမြို့နယ်အတွင်း ရိတ်သိမ်းနေသည့် ဆောင်းသီးနှံများ ပျက်စီးဆုံးရှုံးနေကြောင်း မိုးညိုမြို့နယ်အတွင်းရှိ စိုးပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများကဆိုသည်။
အနောက်ဘက်မှ ရွေ့လျားလာသော လေပွေလှိုင်းများ၏အရှိန်ကြောင့်လည်းကောင်း၊ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တို့မှ လေနွေးများနှင့် တရုတ်ပြည်မကြီးပေါ်ရှိ လေဖိအားကြီးရပ်ဝန်းဒေသမှ ရွေ့လျားလာသော လေအေးများတွေ့ဆုံမှုကြောင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အလိုက် ဒေသအချို့တွင် ယခုလ စတုတ္ထပတ်အတွင်း အချိန်အခါမိုးရွာနိုင်ကြောင်း မိုးလေးဝသပညာရှင်များက ကြိုတင်ခန်းမှန်းထားကြသည်။
“မနေ့ညက(ဇန်နဝါရီ ၂၅)မိုး စရွာတာ။ ပဲငပိတွေချွေဖို့ပုံထားတာ၊ မိုးကရွာလဲနည်းနည်းပဲ ရွာမယ်ထင်တာ၊ ခုကမိုးမနည်းကြီးတယ်ဗျ၊ အခုလဲမိုးကအုံ့နေတာ၊ ပြန်လဲဖြန့်မလှန်းရဲဘူး၊ ဒီတိုင်းထားရင်အစို့တွေထွက်၊ အရောင်တွေပျက်ကုန်တော့မှာ၊ အစ်ကိုမှမဟုတ်ဘူး၊ အများကြီးပဲ မိုးမိကုန်တာ။ အကိုတို့ရွာမှာတင် ဧက ၁၀၀ လောက်ရှိမယ် ရိတ်ပြီးသားတွေမိုးမိကုန်တာ ”ဟု မိုးညိုမြို့နယ်၊ ရွှေလောင်းကျေးရွာအတွင်းနေထိုင်သည့် တောင်သူတစ်ဦးကပြောသည်။
ဆောင်းသီးနှံများစိုက်ပျိုးရာတွင် သွင်းအားစု ပစ္စည်းများဈေးနှုန်းကြီးမြင့်နေခြင်းကြောင့် စိုက်စရိတ်ပိုမိုကုန်ကျခဲ့ပြီး ယခုကဲ့သို့ ရာသီဥတုဖောက်ပြန်မှုကြောင့် ပျက်စီးဆုံးရှုံးခြင်းများကြုံတွေ့ရသဖြင့် တောင်သူများအရှုံးပေါ်နိုင်ကြောင်း မိုးညိုမြို့နယ်အတွင်းနေထိုင်သည့် အသက် ၄၀ ဝန်းကျင်အရွယ် တောင်သူအမျိုးသမီးတစ်ဦးကဆိုသည်။
“အရင်းနှီးတွေကလဲကြီးတယ်၊ မတ်ပဲ ၁ ဧကမကုန်ဘူးဆို မျိုးဖိုး၊ ဆေးဖိုးနဲ့ အကုန်တွက်မယ်ဆို အနည်းဆုံး ၆ သိန်းပဲ၊ အခုမိုးကရွာတော့ လယ်ထဲမှာ မတ်ပဲပုံတွေက ဒီတိုင်ကြီး၊ ပဲတီးစိမ်းခင်းကတော့ မနူတ်ရသေပေမယ့် မိုးမိတာနဲ့အရောင်တန်းပျက်တာ၊ အပင်မတ်တပ်တောင်အစို့ထွက်ချင်တာ၊ မိုးမိပဲတွေဆိုဈေးလဲ အနှိမ်ခံရတယ်၊ အစ်မတော့စိတ်ညစ်လို့သေတောင်သေချင်တယ်”ဟု ၎င်းက စိတ်ပျက်စွာပြောသည်။
အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ဆောင်းသီးနှံပဲများအပါအဝင် အခြားသီးနှံများလည်း ရောဂါပိုးကျရောက်နိုင်ကြောင်း စိုက်ပျိုးရေးပညာရှင်တစ်ဦးက သုံးသပ်သည်။
“မြေအစိုဓာတ်များပြီး ရောဂါတွေဝင်ကုန်ရော၊ အဓိက မှိုရောဂါပေါ့၊ မတ်ပဲမှ မဟုတ်ပါဘူး တခြား သီးနှံတွေလဲဒီလိုပဲ၊ ဂရုစိုက်နိုင်မှ၊ အချိန်မှီဆေးဖျန်းနိုင်မှ ၊ မဖျန်းနိုင်ရင် ရောဂါဝင်ပြီး အပင်တွေသက်တမ်းမကုန်သေးပဲ အကျမြန်သွားမှာ”ဟု ၎င်းက ရှင်းပြသည်။
မိုးညိုမြို့နယ်အတွင်း ရိတ်သိမ်းနေသည့်ပဲခင်းများသည် မိုးသီးနှံစိုက်ပျိုး၍မရသည့် ရေနစ်ကွင်းများဖြစ်နေခြင်းကြောင့် အချိန်စောစောရိတ်သိမ်းနေရခြင်းဖြစ်ပြီး ယခုကဲ့သို့ မိုးရွာသွန်းမှုကြောင့် တောင်သူတစ်ဦးလျှင် ပျမ်းမျှအနည်းဆုံး ၅ ဧကဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွင်းကလဲ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မိုးညိုမြို့နယ်အပါဝင် အခြားမြို့နယ်များတွင်လည်း ဆောင်းသီးနှံစိုက်ခင်းအများမပြား ပျက်စီးခဲ့ရသေးသည်။