ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၂၇၅ တပ်ရင်းသည် ယနေ့(ဧပြီ ၆ရက်)၊ မနက်အစောပိုင်း၌ KNU ပူးပေါင်းတပ်ဖွဲ့ထံ လက်နက်ချအညံ့ခံခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်များထံမှ စုံစမ်းသိရှိရသည်။
“ ဒီမနက်အစောပိုင်းမှာ အညံ့ခံသွားတာ၊ လက်နက်သိမ်းဆည်းရမိမှုနဲ့ အင်အားကဘယ်လောက်ဆိုတာကိုတော့ ကျတော်လဲ သေချာမသိသေးဘူး။ သင်္ဃန်းညီနောင်မှာ ရှိတဲ့ စစ်ဆေးရုံကိုလဲ မနေ့က သိမ်းပိုက်နိုင်ခဲ့တယ်” ဟု မြေပြင်တိုက်ပွဲတွင်ပါဝင်နေသည့် PDF ရဲဘော်တစ်ဦးကပြောသည်။
ထို့ပြင် မြ၀တီမြို့နယ်ရှိ သင်္ဃန်းညီနောင်အခြေချ ဗျူဟာကုန်းနှင့် ခမရ ၃၅၇ တပ်ရင်းတို့ကို ယမန်နေ့(ဧပြီ ၅ရက်)၊ နေ့လယ်ပိုင်းတွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ရာ ဟောင်ဝစ်ဇာအမြောက်နှစ်လက်၊ ၁၂၀မမနှစ်လက်နှင့် လေယာဉ်ပစ်စက်လက် အပါအဝင် လက်နက်အများအပြား သိမ်းဆည်းရရှိခဲ့ကြောင်းလည်း သိရသည်။
ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ စစ်ကောင်စီ၏ အဆိုပါ တပ်စခန်းနေရာများကို တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် အဆက်မပြတ် ဗုံးကြဲတိုက်ခိုက်ခဲ့သည့်ကြားမှ ဗျူဟာကုန်းနှင့် မခရ ၃၅၇ တပ်ရင်းတို့ကို မွန်းလွဲ ၂နာရီခန့်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
” စကစရဲ့ ၃၅၇ တပ်နဲ့ ဗျူဟာကုန်း သိမ်းလိုက်နိုင်တယ်ဆိုတာ ဟုတ်ပါတယ်။ လက်နက်ခဲယမ်းတွေလဲ အများအပြားသိမ်းဆည်းနိုင်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး အသေးစိတ်ကတော့ သက်ဆိုင်ရာ တပ်ရင်း/တပ်ဖွဲ့တွေနဲ့ စစ်ကြောင်းတွေက ထုတ်ပြန်ပါလိမ့်မယ်” ဟု ခိုင်မာသည့်စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ဆိုသည်။
လက်ရှိတွင်လည်း ခလရ ၂၇၅ တပ်ရင်းသည် လက်နက်ချ အညံ့ခံခဲ့သော်လည်း မြ၀တီမြို့ရှိ ရှေ့တန်းရုံးနှင့် ရဲစခန်းသည် လက်နက်ချခြင်းမရှိသေးကြောင်းလည်း မြေပြင်တိုက်ပွဲတွင် ပါဝင်နေသည့် ရဲဘော်တစ်ဦးကပြောသည်။
” လက်နက်ချတယ်ဆိုတာ ဟုတ်ပါတယ်။ ရှေ့တန်းရုံးနဲ့ ရဲစခန်းကတော့ မသိသေးဘူး။ လက်နက်ချခိုင်းဖို့ ဆက်သွယ်နေတယ်ပြောတယ်။ တိုက်ပွဲက ဖြစ်နေတုန်းပါပဲ။ မနက်ကလဲ လေယာဥ်နဲ့ပစ်သွားတယ်။ ” ဟု မြေပြင်ရှိ တော်လှန်ရေးရဲဘော်တစ်ဦးက ဆိုသည်။
ယခုအချိန်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေကာ စစ်ကောင်စီတပ်က လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံများ၏ နေအိမ်များနှင့် ခြံကွက်များမီးလောင်မှုရှိနေကြောင်းလည်း သိရသည်။
အထက်ပါ တိုက်ပွဲအခြေအနေများနှင့် ပတ်သက်၍ အသေးစိတ်အခြေအနေများအား KNLA နှင့် တော်လှန်ရေး ပူးပေါင်းတပ်များဘက်မှ တရားဝင်သတင်းထုတ်ပြန်အသိပေးထားခြင်းတော့ မရှိသေးပေ။
ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့၊ နံနက်ပိုင်းမှစ၍ KNLA နှင့် တော်လှန်ရေးပူးပေါင်းတပ်များသည် မြဝတီမြို့၊ သင်္ကန်းညီနောင်ရှိစစ်ကောင်စီ ခမရ ၃၅၅၊ ၃၅၆၊ ၃၅၇ တပ်ရင်းတို့ကို စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မတ် ၈ရက်နှင့် ၉ရက်နေ့တို့တွင် စစ်ကောင်စီ ခမရ ၃၅၅၊ သင်္ကန်းညီနောင် ရဲစခန်းနှင့် ခမရ ၃၅၆ တို့ကိုလည်း သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။