ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ် ဒေသအခေါ် ရွှေကြာအင်း ကျေးရွာဟု ခေါ်သည့် (ကျူအန်း) ကျေးရွာအုပ်စု အတွင်း အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှု အခြေအနေ စိုးရိမ်လာရသည့်အတွက် ဒေသခံများ နောင်ချိုမြို့ပေါ်သို့ ကြိုတင်စစ်ရှောင်သွားရောက်မှုများ ရှိလာကြောင်း စုံစမ်းသိရသည်။
“ ဒီကနေ့ ဧပြီ ၅ ရက်နေ့မှာလည်း နှစ်ဖက်တပ်ဖွဲ့ စစ်ရေးတင်းမာမှုက စိုးရိမ်ရတဲ့အနေအထား ရောက်လာပြီဆိုတော့ တချို့လဲ နောင်ချိုမြို့ပေါ်ကို စစ်ရှောင်တဲ့အနေနဲ့ ကြိုတင်ပြောင်းကြပြီ။ ဒေသခံအချို့ကလည်း အမျိုးရှိတဲ့နေရာတွေဆီကို သွားပေါ့။ တချို့အမျိုးမရှိသူတွေကြတော့ တစ်လ ၅ သောင်းကျပ်နှုန်းနဲ့ အိမ်ငှားနေကြတယ်” ဟု ဒေသခံတစ်ဦးက MPA သို့ အတည်ပြုပြောသည်။
ကြိုတင်စစ်ရှောင်သည့် ပြည်သူများတွင် နောင်ချို့မြို့နယ်မှ လုံခန်ကျေးရွာ၊ ခေးနင်းကျေးရွာ (ဒိုးပင်ရွာ)၊ ဟိုခိုကျေးရွာ၊ ရွှေကြာအင်း ကျေးရွာ ဟု ခေါ်သည့် (ကျူအန်း)၊ ကုန်းကြီး ကျေးရွာအုပ်စုမှ ဟိုခဲရွာများမှဖြစ်ကြကြောင်း သိရသည်။
မြေပြင် စစ်ရေးတင်းမာမှု အခြေအနေနှင့် ပတ်သက်ကာ အသေးစိတ် မေးမြန်းသိရှိနိုင်ရန်အတွက် ဒေသတွင်းရှိ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ PDF များထံသို့ ဆက်သွယ်ရန် ကြိုးစားခဲ့သော်လည်း ယင်းသတင်းရေးသားသည့် အချိန်အထိ အဆက်အသွယ် မရရှိသေးပေ။
တဖက်တွင်လည်း ပြီးခဲ့သည့် ဧပြီလ ၃ ရက်နေ့ နံနက်ပိုင်းကလည်း နောင်ချိုမြို့နယ်အတွင်း ကြံစိုက်ခင်းသွားသည့် ပြည်သူတစ်ဦး မိုင်းနင်းမိကာ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။
“ နောင်ချိုမြို့နယ်က ကုန်းညောင်ကျေးရွာအနီး ကြံစိုက်ခင်းကို ဆိုင်ကယ်နဲ့ သွားတဲ့အချိန် ခြံမရောင်ခင် လမ်းတဝက်မှာပဲ မိုင်း နင်းမိတာတဲ့၊ ဘယ်အဖွဲ့က ထောင်ထားတဲ့ မိုင်းဆိုတာလဲ မသိရဘူး။ လက်ရှိတော့ မိုင်းနင်းမိတဲ့သူကို နောင်ချိုဆေးရုံကို ပို့ထားတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။
ပေါက်ကွဲမှု ဖြစ်ပွားသည့် မြေမြှုပ်မိုင်းသည် မည်သည့်အဖွဲ့မှ လုပ်ဆောင်ထားသည်ဆိုတာကို မသိရကြောင်း၊ ပြီးခဲ့သည့် ဧပြီလ ၁ ရက်နေ့ မွန်းလွဲပိုင်းတွင်လည်း နောင်ချိုမြို့နယ် လုံခန်ရွာအနီးတွင် တွေ့ရသည့် မြေမြှုပ်မိုင်း ဖြုတ်ရန် လာသည့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့ PDF အနေနှင့်လည်း မိုင်းပေါက်ကွဲမှုနှင့် ကြုံခဲ့ရပြီး ၄ ဦးထက် မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် အခြေအနေဖြစ်ခဲ့သည်။ ယင်းအခြေအနေများကြောင့် လက်ရှိတွင် ဒေသခံများ၏ စိုးရိမ်ကြောက်လန့်မှုမှာ ပိုမြင့်တက်လာခြင်း ဖြစ်ပြီး ရွှေ့ပြောင်းမှုတွေ ပိုရှိလာတာ ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းမှာလည်း အာဏသိမ်းစစ်ကောင်စီနှင့် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များ အကြား ထိတွေ့တိုက်ပွဲများ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့မှ ဒေသခံတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့သေးသည်။ ယင်းတိုက်ပွဲများကြောင့် ဒေသခံ ၅၀၀ ကျော် စစ်ရှောင်ထွက်ပြေးခဲ့ရသည်။