ထားဝယ်တက္ကသိုလ် ပထဝီဝင်ဌာနမှ ပထမနှစ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုကောင်းသူသည် စက်တင်ဘာလ၂၆ရက်နေ့ ညနေပိုင်းတွင် အကြမ်းဖက်စစ်တပ်၏ ရိုက်နှက်ဖမ်းဆီးခြင်းကိုခံခဲ့ရကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ သိရသည်။
“ကျနော်မျက်မြင်တော့မရှိဘူး။ ဖမ်းခံရပြီးမှ ကျနော်တို့ ဒီသတင်းကိုရတာ။ဆိုတော့အဖမ်းခံရတယ်။ သူရဲ့နေအိမ်မှာ ရိုက်နှက်ပြီးလာဖမ်းသွားတယ် ဆိုတဲ့သတင်းတော့အတိအကျရပါတယ်။” ဟု ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ဥက္ကဌကပြောသည်။
ကိုကောင်းသူသည် မြေပြင်တွင် လှုပ်ရှားမှုများ ဆောင်ရွက်နေသူတစ်ဦးမဟုတ်ဘဲ ၎င်း၏အိမ်တွင် နေထိုင်နေစဉ်ဖမ်းဆီးခြင်းခံခဲ့ရသူဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ တာဝန်ရှိသူ၏ ပြောပြချက်အရ သိရှိရသည်။
” သူက ကျတော့လက်ရှိမြေပြင်မှာ လှုပ်ရှားနေတာ ကျနော်တို့အနေနဲ့သိပ်မတွေ့ရဘူး။ အဲ့တာကြောင့် နည်းပညာပိုင်းအရ ဖမ်းတယ်လို့ကောက်ချက်ချလို့ရပါတယ်” ၎င်းဟုဆိုသည်။
လက်ရှိအချိန်ထိ ကိုကောင်းသူ၏ နောက်ဆက်တွဲအခြေအနေများကို သိရှိရခြင်းမရှိသေးသကဲ့သို့ မည်သည့်နေရာသို့ ခေါ်ဆောင်သွားသည်ကိုလည်း သိရှိရခြင်းမရှိသေးချေ။
ထားဝယ်တက္ကသိုလ် ကျောင်းသားသမဂ္ဂအနေဖြင့် ကိုကောင်းသူ၏ နောက်ဆက်တွဲ အခြေအနေများနှင့် မိဘများနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားလျက်ရှိနေသည်။
“ အခုထိတော့ သူရဲ့မိဘတွေနဲ့ ဆက်သွယ်လို့မရသေးဘူး။ မရဘူးဆိုတာက တချို့ဖမ်းဆီးမှုတွေမှာ မိသားစုဝင်တွေရဲ့ဖုန်းတွေပါ စစ်တပ်က သိမ်းသွားတတ်တာမျိုးရှိတယ်။၂၁ရက်နေ့ ရေဖြူမှာ အဖမ်းခံရတဲ့ ကောင်မလေးတစ်ယောက်ဆိုရင် ကျနော်တို့ ၂၄လောက်မှသိတယ်။ ဘာလို့လဲဆိုတော့ တခါတည်း သူ့မိသားစုဝင်တွေဖုန်းပါ သိမ်းသွားတာရှိတယ်။ အခု ကိုကောင်းသူရဲ့ မိသားစုဝင်တွေနဲ့ ကျနော်တို့ ဆက်သွယ်ဖို့ကြိုးစားနေကြတုန်းပဲ ” ဟု ထားဝယ်ကျောင်းသားသမဂ္ဂ တာဝန်ရှိသူက ဆိုသည်။
အကြမ်းဖက်စစ်တပ်မှ အာဏာသိမ်းမှုကျူးလွန်သည့် ဖေဖော်ဝါရီတစ်ရက်နေ့မှ စတင်ပြီး စက်တင်ဘာလ၂၇ရက်နေ့အထိထားဝယ်တက္ကသိုလ်မှ ဖမ်းဆီးခံထားရသည့် ကျောင်းသားကျောင်းသူစုစုပေါင်း ၃၀နီးပါးရှိသည်ဟု ကျောင်းသားသမဂ္ဂ၏ အချက်အလက်များအရ သိရသည်။